
ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
မိုးစပါးစိုက်ပျိုးမှုကနေ စပါးထွက်ရှိချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်းနှင့် စပါးဈေးနှန်းမြင့်တက်နေကြောင်း စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဌ ဦးဝင်းရှိန်က မတ်လ ၁၃ ရက်နေ့တွင် ဝန်ခံ ပြောကြားခဲ့သည်။
ပြည်တွင်း အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီဈေးတည်ငြိမ်ရေး လုပ်ဆောင်နေပြီး ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးမှုမှ စပါးထွက်ရှိသည့် အချိန်ဖြစ်သော်လည်းဆန်ဈေးနှင့် စပါးဈေးနှုန်းမြင့်တက်လာမှုအခြေအနေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တင်ပြချက်များအတိုင်းဆောင်ရွက်ကြောင်း ၎င်းက ပြောကြားသည်။
“ဒီရက်ပိုင်းက ဆန်ဈေးက ဈေးအမြင့်ကနေ ငါးထောင်လောက်ပြန်ကျတယ်ပြောရမယ်။ ပြည်တွင်းစားသုံးမှုအားနဲ့ ပြည်ပပို့နေတာဆိုတော့ ဈေးကအတက်ပဲ။ ရိုးရိုးကုန်သည်တွေဆန်မပို့တော့ဘူး။ သူတို့ (စစ်ကောင်စီ) နဲ့ပတ်သက်သူတွေပဲ ဆန်ပို့၊ ပဲပို့နဲ့အကုန်လုပ်နေတာ ” ဟု ဆန်လက်လီလက်ကားရောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်တစ်ပတ်နှင့် ယခုတစ်ပတ်တွင်ဆန်ဈေးနှုန်းကအမြင့်တွင်ငြိမ်နေပြီး ဆန်အချောအမျိုးအစား ရွှေဘိုဆန်တစ်အိမ် ကျပ် ၁၆၀,၀၀၀ ကျပ်နှင့် ဆန်ကြမ်း ဧည့်မထဆန်တစ်အိတ် ကျပ် ၈၆,၀၀၀ ရှိကြောင်း ဆန်လက်လီလက်ကား အရောင်းဆိုင်များထံက သိရသည်။
ယခုကာလတစ်လျှောက်လုံး ဆန်ဈေးနှုန်းအတက်မှာပင်ရှိနေပြီး ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုလည်းမြင့် တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံက သိရပြီး တိုင်းနှင့်ပြည်နယ်များအတွင်း အရန်ဆန်များ ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ်များ နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်း ဆန်တင်ပို့မှု စုစုပေါင်း မက်ထရစ်တန်ချိန် ၁၆၇,၄၄၅ တန်နှင့် ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ၉,၄၄၆,၇၁၁ တန်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၉ သန်းရရှိကြောင်း ယင်းအသင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းပြင်အင်ဒိုနီးရှားနိုင်ငံကိုဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး ဘယ်ဂျီယံနိုင်ငံထံ ဆန်ကွဲတင်ပို့မှုအများဆုံးဖြစ်ကာ ဒုတိယအဖြစ်တရုတ်နိုင်ငံသို့တင်ပို့ကြောင်းသိရသည်။
ယခုဘဏ္ဍာနှစ် ၂၀၂၃ – ၂၀၂၄ ခုနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိတွင် ဖေဖော်ဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအမြင့်ဆုံးဖြစ်သည်။
ယခုနှစ်မိုးစပါးစိုက်ပျိုးရာတွင် ဧက ၁၄ ဒသမ ၉၉ သန်းစိုက်ပျိုးနိုင်ပြီး စပါးတင်း ၁၁၇၁ ဒသမ ၂၄၅ သန်းထွက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းဝယ်ရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက် ၊ MRF
#ဆန်စပါးဈေးတက် #စစ်ကောင်စီဝန်ခံ #Ayeyarwaddy_Times