
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
နိုင်ငံတကာအနေဖြင့် မြန်မာပြည်တွင်း ပြဿနာ၏ အရင်းခံဖြစ်သော အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသမျှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လက်တွေ့တွင် ထိရောက်မှုရှိမည် မဟုတ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက သုံးသပ်ထောက်ပြသည်။
စစ်ရှုံးစစ်ကောင်စီသည် ၎င်းတို့ အထိနာလာသည်နှင့်အမျှ အရပ်သား ပြည်သူများကို စစ်ရေးပစ်မှတ်ထားကာ လေကြောင်း၊ ကုန်းကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး တစ်ဖက်၌မူ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဒီလိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေက လူသားချင်း စာနာထောက်ထားမှု ကိစ္စမျိုးမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာဟာ တကယ်ပဲ လက်တွေ့မှာ ထိရောက်မှုက မဖြစ် နိုင်ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကောင်စီကိုယ်တိုင်က ပြဿနာရဲ့ အရင်းအမြစ်၊ အရင်းအခံ ဖြစ်နေတယ်” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် မတ် ၁၄ ရက်က တွေ့ဆုံ၍ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအား လိုက်နာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“လူထုတွေရဲ့ သေကြေပျက်စီးမှုတွေ ဒဏ်ရာရနေတဲ့ ကိစ္စတွေကို လူသားချင်း စာနာထောက်ထားမှု အရေးပေါ် လိုအပ်နေတဲ့ ကိစ္စရပ်တွေအပေါ်မှာ တကယ် ထိထိရောက်ရောက် ဖြစ်စေချင်တယ် ဆိုရင်တော့ တကယ့်မြေပြင်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်ပြီးမှ သူတို့ကနေ တဆင့်ကူတာပဲဖြစ်ဖြစ်၊ သူတို့နဲ့အတူ ပူးပေါင်းပြီးမှ ကူညီတာပဲဖြစ်ဖြစ်ပေါ့နော်။ ဒါက အလုပ်အဖြစ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် ယခုလိုသွားရောက် တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှုများ ရရှိမှသာလျှင် မြို့ကြီးအနီးအနားရှိ စစ်ရှောင်စခန်းများဆီ အထောက်အပံ့များ ရောက်ရှိစေပြီး တိုက်ပွဲ ဖြစ်ပွားရာ မြေပြင်၊ တောထဲ၌ ပိတ်မိနေသည့် စစ်ရှောင်များအတွက်မူ လူသားချင်း စာနာထောက်ထားမှုများ လုံးဝရောက်ခြင်း မရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံက သိရသည်။
အလားတူ မတ် ၁၂ ရက်ကလည်း စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့သည် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau အား နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုများတွင် မြန်မာနိုင်ငံအတွင်း WFP အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့်ကဏ္ဍများ ဆွေးနွေးကြသည်ဟု စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် သတင်းစာများမှ တဆင့် ထုတ်ပြန်ထားသည်။
သို့သော် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Skau ကမူ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေသည် မြန်ဆန်စွာ ဆိုးရွားလာနေပြီး ပဋိပက္ခ ပြင်းထန်လာကာ ကယ်ဆယ်ရေး ပစ္စည်းများလည်း ထောက်ပံ့ပေးဝေရန် ကန့်သတ်ခံနေရကြောင်း ပြောဆိုခဲ့သည်ဟု နိုင်ငံတကာ သတင်းများအရ သိရသည်။
“အခုရှမ်းတောင် တိုက်ပွဲမှာဆိုရင် ကျွန်မတို့ မြင်တွေ့ရတာ တစ်ခုကတော့ စစ်ဘေးရှောင်ပြည်သူဦးရေ မြင့်စေတဲ့အကြောင်းအရင်း တစ်ခုထဲမှာ စစ်ကောင်စီက မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဧရိယာတွေကို လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေယာဉ်နဲ့ ဗုံးကြဲခြင်းတို့ကြောင့် ဖြစ်နေတာကို သွားတွေ့ရပါတယ်” ဟု ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ပြောရေးဆိုခွင့်ရှိသူ နန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး လူလေးဦးလျှင် တစ်ဦးသည် ဆိုးရွားသော စားနပ်ရိက္ခာ မဖူလုံမှု အန္တရာယ်များ ကြုံတွေ့နေရသကဲ့သို့ ဝေးလံခေါင်ဖျား ဒေသများတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ အကူအညီပေးဝေမှု ဆက်လက်ပြုလုပ်ရန် နိုင်ငံတကာ၏ အကူအညီများ လိုအပ်နေကြောင်း Carl Skau က ပြောဆိုခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#နိုင်ငံတကာ #ပြည်တွင်းပြဿနာ #အရင်းခံစစ်ကောင်စီ #တွေ့ဆုံဆွေးနွေး #ထိရောက်မှုမရှိ #Ayeyarwaddy_Times