
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မတ် ၁၆ ရက်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မကျီးစမ်းကျေးရွာရှိ နေအိမ်များကို မီးရှို့ကာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့က ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- ၃၆၀၁(PPDF)တပ်ရင်း Sniper အဖွဲ့ နှင့် တပ်ခွဲ-၁ တို့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများမှ ပေါင်းတည်မြို့နယ် အပိုင်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ ဒေသခံနေအိမ်များကို မီးရှို့နေသည့်အတွက် ပထမဦးစွာ စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦးသေဆုံးကာ သုံး ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ပေါက်ခေါင်းပိုင်နက်ကနေ ပေါင်းတည်ပိုင်နက်ဘက်ကို နယ်မြေရှင်းလင်းရေးနဲ့ ဝင်လာကြတာ။ တိုက်ပွဲဖြစ်ခြင်းမရှိဘဲ တမင်သက်သက် မီးရှို့တာ။ မီးရှို့နေတာကို တွေ့လို့ ကျွန်တော်တို့က စနိုက်ပါနဲ့ပစ်ခတ်ခဲ့တယ်။ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီစစ်ကြောင်းက စစ်ကြောင်းထိုးနေတာကြာပြီ။ ပြီးခဲ့တဲ့လ ၂၆ ရက်လောက်တည်းက။ ဒဏ်ရာရတဲ့ စစ်သားတွေကို ဒီနေ့မနက်မှာ ပေါက်ခေါင်းဘက်ကို ကားနဲ့ပြန်သယ်သွားတာ တွေ့လိုက် ရတယ်” ဟု ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီး နောက်တနေ့တွင် နတ်ရေတွင်းကျေးရွာသို့ ဝင်ရောက်ကာ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ နတ်ရေတွင်းရွာသည် စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးခြင်းကို ခံရသည်မှာ သုံးကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ဝန်းကျင်မှ စတင်ကာ ပေါင်းတည်မြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ် နယ်စပ်တွင် စစ်ကြောင်းထိုး လှည့်လည်သွားလာနေခြင်းဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ လည်း နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – ပေးပို့
#ပေါက်ခေါင်း #ပေါင်းတည် #စစ်ကောင်စီ #စစ်ကြောင်းထိုးမီးရှို့ #တိုက်ခိုက် #၃ဦးသေဆုံး #PDF #Ayeyarwaddy_Times