
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းကျေးရွာသို့ မတ်လ ၁၄ရက်နေ့ ည ၉နာရီခန့်တွင် စစ်ကောင်စီက လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် သက်ကြီးရွယ်အို နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။
ကလေးမြို့နယ် အရှေ့မြောက်ပိုင်း စခန်းကြီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် လက်ပံချောင်းရွာဖက်သို့ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ လက်ပံချောင်းရွာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးရမ်းဒီကာနှင့် ဒေါ်ဇွာလ်းအီး တို့နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိကြောင်းသိရသည်။
“ကလေးမြို့နယ်ကတော့ ခုတလော မြို့ထဲပါမကျန် အချိန်မရွေးတိုက်ပွဲဖြစ်နေတာပါပဲ။ဒါပေမယ့်မနေ့ညကတော့တိုက်ပွဲမရှိဘူး။ လက်နက်ကြီးကျတယ်။ သေသွားတဲ့ အဖိုးနဲ့အဖွားကလည်း အသိအိမ်ကိုသွားလည်ရင်းနဲ့ ဖြစ်သွားရတာ။” ဟု လက်ပံချောင်းရွာသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
လတ်တလော ကလေးမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွါးလျက်ရှိကာ ဖုန်းလိုင်းအင်တာ နက်လိုင်းများလည်း မကြာခဏပြတ်တောက်နေပြီး စစ်ကောင်စီက ကျေးရွာများနှင့်မြို့တွင်းသို့ဦးတည်ကာ ညစဥ်နီးပါး လက်နက်ကြီးများပစ်ခတ်နေကြောင်း သိရသည်။
ပုံစာ – လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် လက်ပံချောင်းကျေးရွာ
#ကလေးမြို့နယ်မြောက်ပိုင်း #လက်ပံချောင်း #စစ်ကိုင်းတိုင်း #လက်နက်ကြီး #အရပ်သားသေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times