အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင့် ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်၊ တိုက်နယ်(၃) ဘက်ရှိ ကီးသာကျေးရွာတွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား ထိခိုက် သေဆုံး ခဲ့ပြီး ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနေ့က ရွာဘက်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ အသွား တစ်ကြိမ်၊ အပြန်တစ်ကြိမ် နှစ် ကြိမ် ဗုံးလာကြဲသွားတယ်။ အိမ်ထဲမှာနေတဲ့ သားမိနှစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ အရပ်သား လေးဦးဒဏ်ရာရတယ်။ နှစ်ဦးက ပြင်းထန် ဒဏ်ရာရတယ်။ ရွာထဲက ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်”ဟု အမည်ဖော်ပြခြင်းမပြုလိုသည့် မင်းတပ်ဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် သားအမိ နှစ်ဦးသည် အသက် (၆) နှစ်အရွယ် သမီးနှင့် အသက် (၄၀) နှစ်အရွယ် မိခင်တို့ဖြစ်ကြောင်း သိရပြီး ထိခိုက်ဒဏ်ရာရသည့် အရပ်သား လေးဦးအနက် အသက် ၂၈ နှစ်အရွယ် CDM ကျောင်းဆရာ တစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ဘက်ရှိ စွန်တောင်ရွာနှင့် ပလုံတွီကျေးရွာကြားတွင် စစ်ကောင်စီမှလေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ကလေး တစ်ဦးအပါဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

#ချင်းပြည် #မင်းတပ်မြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သားမိနှစ်ဦးသေဆုံး #Ayeyarwaddy_Times