ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လတာအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူများထဲ၌ အသက်အရွယ်မပြည့်သည့် လူငယ် ၁၀၀ကျော် ပါဝင်နေကြောင်းတပ်တွင်းသတင်းရင်းမြစ်နှင့် ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၁ရက်မှ မတ်လ ၁၁ရက်နေ့အထိ တစ်လတာအတွင်း စစ်မှုထမ်းရန်အကြောင်းပြ၍ စစ်ကောင်စီတပ်ဖွဲ့မှ မြို့နယ် အလိုက် ညပိုင်းအချိန်ကျော်လွန် အပြင်ထွက်သူနှင့် အကြောင်းမျိုးစုံပြပြီးဖမ်းဆီးသူများထဲတွင် အသက်အရွယ် ၁၈နှစ် မပြည့်သေးသော လူငယ်အမျိုးသား (၁၂၀)ဦးထက်မနည်းပါဝင်နေကြောင်း ပုသိမ်မြို့အခြစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ဧရာဝတီတိုင်းက မြို့နယ်အလိုက်စစ်မှုထမ်းဖို့ သင်တန်းပေးဖို့ ညပိုင်းဖမ်းတာနဲ့ ဒီအတိုင်းလမ်းသွားလမ်းလာတွေကိုဖမ်းဆီးတဲ့လူငယ်တွေထဲမှာ အသက်၁၈နှစ်မပြည့်တဲ့သူအရေအတွက် ၁၂၀ ကျော်လောက်ပါနေတာတွေ့ရတယ်။စာရင်းတင်ပြတဲ့အထဲမှာတွေ့ရတာပေါ့။ အဲ့ဒီလူငယ်တွေကို အသက်၁၈ နှစ်ပြည့်ပါတယ်ဆိုပြီး အသက်လိမ်တင်တာတို့မှတ်ပုံတင်အတုလုပ်ပြီးတင်တာတို့ပါလုပ်ထားတယ်ပေါ့။လူဦးရေစာရင်းအတိအကျပြောရမှာခက်ပေမဲ့ စာရင်းတွေ့တာ ၁၂၀ ကျော်လောက်ရှိနေတယ်”ဟုပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့်တပ်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ငါးသိုင်းချောင်း၊ ဟိုင်းကြီးကျွန်းညောင်တုန်း၊ ကျုံပျော်၊ကွင်းကောက်၊ ဖျာပုံ၊ ဟင်္သာတ၊ ကြံခင်းနှင့်မြန်အောင် စသည့်မြို့နယ်တို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ စစ်မှုထမ်းရန်အကြောင်းပြ၍စစ်ကောင်စီတပ်၏အတင်းအကျပ်ဖမ်းဆီးခံရမှုကြောင့် အသက် ၁၈ နှစ်အရွယ်မှ အသက် ၃၅ နှစ် အရွယ် အမျိုးသားဦးရေ ၁၀၀၀ ကျော်ထက်မနည်းရှိခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံရသူ ၃၀၀ ဦးထက်မနည်းမှာလက်ရှိအချိန်အထိ ပုသိမ်၊ ကျုံပျော် ၊ ဖျာပုံမြို့ရှိစစ်ကောင်စီတပ်ရင်းများတွင်စစ်သင်တန်းတက်ရောက်နေရကြောင်းသိရသည်။

ဓာတ်ပုံ- လူမှုစာမျက်နှာ
#ဧရာဝတီတိုင်း #စစ်ကောင်စီ #အသက်မပြည့်သေးသည့် #လူငယ် #Ayeyarwaddy_Times