အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ရှိ တောင်ပေါ်ချင်းရွာများတွင် စစ်မှုထမ်းရန် လူစာရင်းများ ကောက်ခံသွားကြောင်း ဒေသခံများထံက သိရှိရသည်။

ပဒါန်းမြို့ရှိ တောင်ပေါ်ချင်းရွာများတွင် ယမန်နေ့ မတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ဖြင့် တစ်ရွာဝင်တစ်ရွာထွက် စစ်မှုထမ်းဆောင်ရန် ကျေးရွာထဲက ယောက်ကျာ်းများ လူဦးရေ စရင်းများ လိုက်လံကောက်ခံသွားကြောင့် သိရှိရသည်။

“အင်အား ၁၀၀ လောက်နဲ့ ရွာထဲက အသက် ၁၈ နှစ်မှ အသက် ၃၈ နှစ်အကြား ယောကျာ်းလေးတွေ စာရင်းကောက်သွားတာပါ။ လူကတော့ ခေါ်မသွားသေးဘူး။ တစ်ရွာကို ၁၀ ယောက်စီ လူစာရင်းကောက်သွားပါတယ်။ တစ်ရွာ ၁၀ ယောက် မပြည့်ရင် တစ်ရွာလုံးထဲက လူတွေ အားလုံး မဲနှိုက်ခိုင်းပြီး စစ်သင်တန်းတက်ခိုင်းမယ်လို့ ခြိမ်းခြောက်တယ်” ဟု အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လူဦးရေ စာရင်းကောက်ခံရာတွင် စစ်ကောင်စီသည် ကျေးရွာထဲက ယောက်ကျာ်းလေးများ အားလုံး အိမ်အပြင်ထွက် တန်းစီးခိုင်းကာ လက်မြောက်ဒူးထောက်ခိုင်းကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေတွင် အကျုံးဝင်သည့် ငဖဲမြို့နယ်က ချင်းလူငယ်များအနေဖြင့် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ဘဲ မိမိတို့ အရှိုချင်းတော်လှန်ရေးတပ်ဖွဲ့ထံ အမြန်ဆုံး ပူးပေါင်းကြရန် အရှိုချင်းကာကွယ်ရေးတပ်(ACDF) ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ပဒါန်းမြို့ တောင်ပေါ် ၁၀ အုပ်စု ချင်းရွာတွေမှာ စစ်ကောင်စီကနေ စစ်မှုထမ်းဖို့ လူစာရင်းကောက်သွားတယ်။ စစ်ကောင်စီဆီ တာဝန်ထမ်းဆောင်ပြီး အချင်းချင်းတိုက်နေမယ့်အစား ကျွန်တော်တို့ ACDF ဆီ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဆီ ဝင်ရောက်လာချင်တဲ့သူအတွက် ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ပဒါန်းမြို့၊ ဂုတ်ကြီးကျေးရွာက ချင်းအမျိုးသား ၁ဝ ဦးကို စစ်ကောင်စီမှ ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ငဖဲမြို့ရှိ တပ်ရင်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ – လိုင်ကျေးရွာ

#မကွေး #ပဒါန်းမြို့ #တော်ပေါ်ချင်းရွာ #လူသစ်စုဆောင်း #စစ်ကောင်စီ #Ayeyarwaddy_Times