
ဧရာဝတီတိုင်းမ်
မတ် ၁၅ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က ကုန်းလမ်း၊ ရေလမ်းတို့ကို ပိတ်ဆို့၍ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ရသေ့တောင်မြို့ကို ပြီးခဲ့သည့် မတ်လ ၁၂ရက်နေ့မှစ၍ တိုက်စစ်အရှိန် တစ်ဆင့်မြှင့်တင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
ကုန်းလမ်း၊ ရေလမ်းတို့မှ စစ်ကူများကို ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“ကုန်းလမ်း၊ ရေလမ်းကနေအကုန်ပိတ်ပြီး တပ်တော်ကနေ ထိုးစစ်မြှင့်ထားတာ။ ၁၃ရက်နေ့က မယူမြစ်ထဲကနေ နေဗီ သုံးစီးနဲ့ လာပစ်သေးတယ်။ လေကြောင်းကလည်း ပစ်ကူတယ်။ ဒါပေမယ့် ရသေ့တောင်က တပ်တော်ရဲ့ လက်တစ်ကမ်းမှာပါ” ဟု AAသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၁၃ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် အငူမော်သို့ပေါင် ၅၀၀ဗုံးသီးများ ကြဲချခဲ့ပြီး ထွန်းရဝေကျေးရွာသို့ ဗုံးများကြဲချခဲ့ကြောင်း သိရသည်။
ရသေ့တောင်ရှိ စစ်ကောင်စီ၏ ကိုးတန်ကောက်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်တွင် AA ကသိမ်းယူခဲ့ပြီး ရေစိုးချောင်းဗျူဟာ၊ စေတီပြင်နှင့် အမျက်တောင်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ဇန်နဝါရီ ၁၄ရက်နေ့က စခန်းစွန့်ခွာထွက်ပြေး၍ မောင်တောရှိ အင်းဒင်စခန်းနှင့် ဘူးသီးတောင်ရှိ စစ်ကောင်စီစခန်းများတွင် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီ၏ နောက်ဆုံးအမာခံတပ်ရင်းများဖြစ်ကြသည့် ခမရ-၅၃၆၊ ခမရ-၅၃၇၊ ခမရ-၅၃၈တို့သာကျန်ရှိပြီး ခမရ-၅၃၆သည် ပေါက်တောမြို့သိမ်းတိုက်ပွဲတွင် သေဆုံးထိခိုက်မှုများကာ အင်အားအနည်းငယ်သာ ကျန်ရှိသည့်အတွက် ခမရ ၅၃၈ တပ်ရင်းထံ သွားရောက်ပူးပေါင်းနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုလတ်တလောအတွင်း ဖိအားပေးခေါ်ဆောင်ကာ စစ်သင်တန်းပေးထားသည့် ဒုက္ခသည်စခန်းများမှ မူဆလင်လူငယ်များကို အငူမော်တိုက်ပွဲတွင် တိုက်ခိုက်ခိုင်းသည့်အတွက် မူဆလင်လူငယ် ၁၀၀ နီးပါးသေဆုံးသွားပြီး အလောင်းများလာရောက်ယူဆောင်ရန်အတွက် ဒုက္ခသည်စခန်းများကို စစ်ကောင်စီက အကြောင်းကြားထားကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်ဖြူတို့မှ မူဆလင်လူငယ် ၅၀၀ခန့်ကို စစ်သားအဖြစ်အဓမ္မစုဆောင်း၍ တိုက်ပွဲပြင်းထန်နေသည့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောရှိ စစ်စခန်းများသို့ ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-AA ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် AA တပ်ဖွဲ့ဝင်များ
#ရသေ့တောင် #စစ်ကောင်စီ #ကုန်းလမ်း #ရေလမ်း #ပိတ်ဆို့ထား #Ayeyarwaddy_Times