နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက်ရှိ လယ်ဇင်ကျေးရွာ နှင့်သက္ကယ်ကျင်း ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့​ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ မတ် ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စစ်ကားများ၊ အရပ်ကားများဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးတွေလောင်တာတွေ့လို့ ထွက်ကြည့်တာ ရွာတွေကိုစစ်တပ်က မီးရှို့နေတာ မီးညွန့်တွေက အတော်လေးများတယ်။ လက်ရှိမှာ လယ်ဇင်းရွာကတော့ ကုန်သလောက်ဖြစ်သွားပြီ။ ဘာတိုက်ပွဲမှ မရှိဘဲ တမင်မီးဝင်ရှို့ သွားတာ” ဟု စစ်ကောင်စီတပ်၏ ဝင်ရောက်မီးရှို့ခြင်းကို မျက်မြင်တွေ့ရှိခဲ့သူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ခြင်းကြောင့် အဆိုပါ လယ်ဇင်းကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာရှိ အိမ်ခြေ စုစုပေါင်း ၅၀၀ ကျော်မီးလောင်ပျက်စီးကြောင်း ဒေသခံများထံကသိရသည်။

“စစ်ကြောင်းထိုးလာတာ မတွေ့လိုက်ဘူး။ မီးရှို့ပြီးပြန်ထွက်သွားတာကတော့ ညနေ ၆ နာရီကျော်လောက်မှာ။ စစ်ကား သုံးစီးပေါ်မှာ စစ်သားတွေအပြည့်နဲ့။ နောက် အိမ်စီးကား လေးစီး စုစုပေါင်းကား ခုနစ်စီးနဲ့ ပြန်ထွက်သွားတာ” ဟု ဒေသခံအမျိုးသမီးက ဆိုသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ်ကမီးဝင်ရှို့နေစဥ်
#မုံရွာမြို့အရှေ့ဘက် #လယ်ဇင်ကျေးရွာ #သက္ကယ်ကျင်းကျေးရွာ #စစ်ကောင်စီတပ် #မီးတင်ရှို့ #အိမ်ခြေ၅၀၀ကျော်ပျက်စီး #Ayeyarwaddy_Times