ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

စစ်ကောင်စီက ပြည်သူများအတွက်လိုအပ်သည့် ဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှု ဦးစားပေးနေကြောင်း ဆိုသော်လည်း ဈေးကွက်တွင် ဆေးနှင့်ဆေးပစ္စည်းများ ရှားပါးလျှက်ရှိကြောင်း သိရသည်။

ပြည်သူများအတွက် လိုအပ်နေသောဆေးဝါးနှင့် ဆေးပစ္စည်းများကို ဦးစားပေးတင်သွင်းနေကြောင်းကို မတ်လ ၁၃ ရက်နေ့ကနေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းဝေးတွင် စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီဝန်ကြီးက ထိုသို့ပြောကြားထားသော်လည်း လက်ရှိဈေးကွက်အတွင်း နာတာရှည်ရောဂါကုဆေးဝါးများ၊ ကာကွယ်ဆေး၊ အိမ်သုံးဆေးအပါအဝင် ဆေး အထောက်အကူပြုပစ္စည်းများရှားပါးပြီး ဈေးမြင့်တက်လျက်ရှိကြောင်း စျေးကွက် အတွင်းက စုံစမ်းသိရသည်။

” ဆေးတွေက ပုံမှန်သောက်နေကြဆေးနာမည်နဲ့မရဘူး။ အလားတူတွေ အာနိသင် တူတွေပဲရတယ်။ နှလုံးဆေးဆိုရင် အာနိသင်တူတာ သောက်လို့မရဘူး။ သူ့တံဆိပ်ပဲ သောက်လို့ရတယ်” ဟု နှလုံးအဆို့ရှင်ဟသူဝေဒနာသည် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဆေးဈေးနှုန်းများသည် တစ်ရက်နှင့်တစ်ရက်မတူဘဲ အမျိုးအစားပေါ်မူတည်ပြီး ကျပ် တစ်ထောင်မှ သောင်းနှင့်ချီအထိဈေးနှုန်းမြင့်တက်နေကြောင်း ဗိုလ်ချုပ်အောင် ဆန်းစျေးရှိ ဆေးဈေးကွက်က သိရသည်။

“ ဆေးကုမ္ပဏီတွေကိုလိုင်စင်ချမပေးတာကြာပြီ။ ကုမ္ပဏီကြီးတွေ လိုင်စင်ရလဲ လိုအပ်တဲ့ အရေအတွက်ထိမရဘူး။ ဆေးအမျိုးအစားတွေ လျော့ထားတယ်။ တိရစ္ဆာန်ဆေးနဲ့ အစာတွေကိုဆို လိုင်စင်လုံးဝချမပေးတာကြာပြီ။ တော်တော်ကြာနေပြီ။ ကာကွယ်ဆေးတွေဆိုတာက တရားဝင်သွင်းမှစိတ်ချရတယ်။ အချို့အိမ်သုံးဆေး ( ပါရာစီတမော့) တွေကတော့ အောက်လမ်းကသွင်းတာရှိတယ်” ဟု ဆေးနှင့်ဆက်စပ်သူ တစ်ဦးက ဆိုသည်။

ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့် စက်သုံးဆီတင်သွင်းမှုနိုင်ရန်နှင့် ရော်ဘာပို့ကုန်မှရရှိသော ပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းရန် ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး မတ်လ ၆ ရက်နေ့တွင် ပြောကြားထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဆေးဝါးဈေးကွက် #လိုင်စင်ချပေး #စစ်ကောင်စီ #ဆေးနှင့်ဆေးပစ္စည်းများရှားပါး #Ayeyarwaddy_Times