
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၅ ရက်
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေရှိ စစ်ကောင်စီ ၏ ကျိုက်ဒုံဗျူဟာကုန်းစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA ) ပူးပေါင်းတပ်က ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကျိုက်ဒုံဗျူဟာကုန်းစခန်းကို ယမန်နေ့ မတ် ၁၄ ရက် ညနေပိုင်းတွင် KNLA က၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ ဗျူဟာမှူးအပါအ၀င် စစ်ဦးစီး ဒုတိယတန်းအဆင့်ရှိသူများနှင့် တပ်ဖွဲ့၀င် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့၀င်များထံက သိရသည်။
“တိုက်တိုက်ချင်း အညံ့ခံတာမျိုးမဟုတ်ဘူး။ သူတို့ ဘက်က ၁၄ ယောက်လောက် သေသွားတော့မှ အလံ ဖြူထောင်တာ။ ကိုယ်တွေဘက်က ရဲဘော်လည်း ထိတယ်။ ဖမ်းမိထားတဲ့လူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ သေချာစောင့်ရှောက်ထားတယ်။ ဖမ်းမိပြီးမှ ပစ်သတ်တာတွေမရှိဘူး။ ၁၄ ယောက်က တိုက်ပွဲထဲမှာသေတာ။ လက်နက် တွေကတော့ စိစစ်နေတုန်းပါ” ဟု စစ်မြေပြင်တွင် ပါ၀င်ခဲ့သည့်တော်လှန်ရေး ရဲဘော် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီ၏ ကျိုက်ဒုံဗျူ ဟာကုန်းစခန်းကို သိမ်းပိုက်ရာတွင် ဗျူဟာမှူးဗိုလ်မှူး ကြီး အောင်ကျော်စိုး၊ စစ်ဦးစီးဒုတိယတန်း G2၊ စစ်ဦးစီးတတိယတန်း G3 နှင့် ဆက်သွယ်ရေးတာ၀န်ခံ ဆေးတပ်ဗိုလ်ကြီးအပါအ၀င် အရာရှိ စုစုပေါင်း ၁၂ ဦးပါရှိ ပြီး တပ်ဖွဲ့၀င် ၆၆ ဦးက KNLA ထံလက်နက်ချအညံ့ခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂၀-မမ အမြောက်အပါအ၀င်၊ ၆၀-မမ၊ ၄၀-မမ များ နှင့် လက်နက်ပေါင်း ၁၀၀ ကျော်အပါအဝင် ခဲယမ်းမီး ကျောက်အများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့မှ ၁၄ ဦးသေဆုံးပြီး ဖမ်းမိရရှိထားသည့် စစ်သုံ့ပန်း ၆၆ ဦးကို KNLA က ကျွေးမွေး၍ စစ်ဥပဒေနှင့်အညီ ထားရှိကြောင်း သိရသည်။
ကျိုက်ဒုံဗျူဟာကုန်းစခန်းတိုက်ပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်ဟု ဆိုသည်။
သိမ်းယူရရှိခဲ့သည့် ကျိုက်ဒုံဗျူဟာကုန်းစခန်းသည် စစ်ကောင်စီတပ်မှ ၁၉၉၇ ခုနှစ်မှစပြီး နှစ်ပေါင်း ၃၀ နီးပါးအခြေချတပ်စွဲ ထားသည့် စခန်းဖြစ်ပြီး ယင်းစခန်းကုန်းမကျစေရန် စစ်ကောင်စီက လေကြောင်းမှအ ဆက်မပြတ်ဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ -ကျိုက်ဒုံဗျူဟာကုန်းမှ အလံဖြူထောင်ခဲ့သည့် စစ်ကောင်စီတပ်သားများ
#ကရင် #ကျိုက်ဒုံ #စစ်ကောင်စီ #ဗျူဟာကုန်းစခန်း #KNLA #သိမ်းပိုက် #ဗျူဟာမှူး #စစ်ဦးစီးမှူး #တပ်သား၆၆ဦး #အလံဖြူထောင် #Ayeyarwaddy_Times