မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၅ ရက်

ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ဘွမ်ရယ်တောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဘွမ်ရယ်တပ်စခန်းမှ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ဗျူဟာမှူးအပါအ၀င် စစ်ကောင်စီတပ်သားများသည် ယနေ့ မတ် ၁၅ ရက်နေ့တွင် စခန်းစွန့်ခွာထွက်ပြေးသွားကြသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းကိုသိမ်းယူလိုက်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

KIA နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် အဆိုပါတပ်စခန်းကို ပြီးခဲ့သည့် မတ် ၇ ရက်နေ့က တည်းက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ မတ် ၁၅ ရက်နေ့တွင် စခန်းကို သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“အဲဒီစခန်းက စစ်ရေးအရ အရေးပါတဲ့စခန်းတစ်ခုပါ။ မနက်က ၀င်တိုက်မယ်ဆိုပြီး ချဉ်းကပ်သွားတော့ စခန်းထဲမှာ တစ်ယောက်မှမရှိတော့ဘူး။ အကုန်စခန်း စွန့်သွားတာ။ အဲဒီမှာ ဗျူဟာမှူးထိုင်ပြီးကွပ်ကဲ‌နေတာ” ဟု တော်လှန်ရေး တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဘွမ်ရယ်တပ်စခန်းသည် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ ဘွမ်ရယ်တောင်ကုန်းပေါ်တွင် အထိုင်ချထားသည့်စစ်ကောင်စီ၏ တပ်စခန်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့များအတွက် စစ်ရေးအရအရေးပါသည့် တပ်စခန်းကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းထံမှ စကခ ၂၁ ဗျူဟာမှူးနှင့်တပ်ဖွဲ့ များသည် ယမန်နေ့ မတ် ၁၄ ရက်နေ့က တည်းက စခန်းကိုစတင်စွန့်ခွာခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ် ၁၅ ရက်နေ့တွင် တ‌စ်‌ယောက်မကျန် စခန်းစွန့်ခွာထွက် ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၇ ရက်နေ့ကစတင်ခဲ့သည့် ကချင် ပြည်နယ်တိုက်ပွဲများတွင် KIA နှင့်ပူးပေါင်းတပ်ဖွဲ့များက ခန်းကိုင်တောင်ရှိ ခလရ-၁၄၂၊ ခရာဘွမ်၊ ဆွမ်ဘရာဘွမ်အနီးရှိ မလိယာန်တပ်စခန်း ခလရ -၄၆၊ ဖုန်ပျံဘွမ်တပ်စခန်း၊ တာပိန်မြစ်တံတားစခန်းအပါအ၀င် စစ်ကောင်စီ တပ်စခန်း ၂၅ ခုခန့်ကို သိမ်းဆည်းထားပြီဖြစ်သည်။

ပုံစာ – KIA တပ်ဖွဲ့၀င်များ ဘွမ်ရယ်တောင်ရှိကာကင်းစခန်းများကို သိမ်းပိုက်ပြီးနောက်တွေ့ရစဉ်

#ကချင် #လိုင်ဇာ #ဘွမ်ရယ်တောင် #ဗျူဟာတပ်စခန်း #စကခ ၂၁ #ဗျူဟာမှူးအဖွဲ့ #စခန်းစွန့်ခွာ #ထွက်ပြေး #Ayeyarwaddy_Times