ဧရာဝတီတိုင်းမ်
(ဝေါ)၊ မတ် ၁၄ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု၊ ငှက်ပျောတပင်သောင် အရှေ့ဘက်ခြမ်းတွင် ယမန်နေ့ မတ် ၁၃ ရက်နေ့က စစ်ကောင်စီက ထောင်ထားခဲ့သည့် နင်းမိုင်း (သို့မဟုတ်) ကြွမိုင်း ပေါက်ကွဲကာ ကလေးငယ် နှစ်ဦး စိုးရိမ်ရဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက မိုင်းများထောင်ထားသည့် နေရာအနီးတွင် ကလေးငယ်နှစ်ဦး ဆော့ကစား နေစဉ် အဆိုပါနင်းမိုင်းကို ထိမိခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က အဲ့ဒီနားတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတယ်ဆိုပြီး မိုင်းတွေ ထောင်ထားခဲ့တာ။ ဒေသခံတွေလည်းသိတယ်။ တချို့မိုင်းတွေဆို ‌မြင်နေရတယ်လို့ ရွာသားတွေပြောတယ်။ အခုကလေးတွေ မိုင်းထိတဲ့နေရာက သူတို့သွားနေကြ လမ်းဘေးမှာ။ ကလေး‌ဆိုတော့ ကစားရင်းမတော်တဆ လမ်းဘေးရောက်ပြီး မိုင်းကိုထိမိပြီး ကွဲသွားတာလို့ယူဆယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ် ဝန်းကျင်ရှိ ယောကျာ်းလေးတစ်ဦးသည် မျက်လုံးနှင့် ကိုယ်လုံးမိုင်းစထိမှန်ဒဏ်ရာရခဲ့ပြီး ကျန်အသက် ၇ နှစ်ဝန်းကျင် ယောကျာ်လေးတစ်ဦးမှာ မျက်လုံးနှင့် ဗိုက်အစထိမှန်ကာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့သည်။

မိုင်းထိမှန်ခဲ့သည့် ကလေးငယ်များ၏ မိသားစုများသည် ငှက်ပျောတပင်သောင် ကျေးရွာတွင် လယ်ယာလုပ်ကိုင်စားသောက်နေသည့် မိသားစုများဖြစ်ကြောင်း သိရသည်။

အဆိုပါ ငှက်ပျောတပင်သောင်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ဘောနတ်ကြီး အခြေစိုက် မစခ-၉၀၁ လက်အောက်ခံ အမတ-၂၀၅ တပ်ရင်းမှဗိုလ်မှူး အဆင့်ရှိ သူပါဝင်သည့် စစ်ကြောင်းမှ စစ်ကြောင်းထိုးကာ နင်းမိုင်း(သို့မဟုတ်) ကြွမိုင်းများကို ထောင်ထားခဲ့ကြခြင်း ဖြစ်ကြာင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါင်း ၁၆၈ မြို့တွင် မြေမြှုပ်မိုင်း အန္တရာယ်ကို ကြုံတွေ့နေရပြီး မိုင်းနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများကြောင့် လူပေါင်း ၁၃၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း Landmine & Cluster Munition Monitor အဖွဲ့၏ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – စစ်‌ကောင်စီက မိုင်းထောင်ထားသည့်နေရာ နှင့် မိုင်းကွဲခဲ့သော နေရာ
#ဝေါ #ငှက်ပျောတပင်သောင် #စစ်ကောင်စီမိုင်းထောင် #မြေမြှုပ်မိုင်း #ကလေးငယ်နင်း #ဒဏ်ရာအပြင်းအထန်ရ #Ayeyarwaddy_Times