နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

စစ်ရှုံးစစ်ကောင်စီက ၎င်းတို့အရေးနိမ့်ကာ ထိန်းချုပ်ရန် မလွယ်ကူတော့သည့် ဆီဆိုင်မြို့အပါအဝင် ပအိုဝ်းဒေသကို အလုံးစုံပျက်စီးရေး လုပ်ဆောင်လာမှုကြောင့် လက်ရှိတွင် မြို့ပျက်သဖွယ် ဖြစ်ပေါ်နေပြီး အရပ်သား ၁ သိန်းနီးပါး စစ်ရှောင်နေရကာ အကူအညီမရရှိသူ များပြားလာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ထံက သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်(မိုင်းပွန်)နှင့် ပင်လောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစ၍ စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ၊ မဟာ မိတ်အဖွဲ့တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင်များ များပြားလာခြင်းဖြစ် ကြောင်း သိရသည်။

ယခုနှစ်စတွင် စစ်ရှောင်နေရသည့် ဆီဆိုင်၊ ဟိုပုံး ဒေသခံပြည်သူများသည် ယခင်နှစ်က စစ်ရှောင်နေကြသည့် ကရင်နီဒေသခံ ပြည်သူများထက် ပိုမိုခက်ခဲနေသည်ကို တွေ့ရှိရပြီး ဆီဆိုင်မြို့နယ်အတွင်းမှ တိမ်းရှောင်နေကြသော ဒေသခံ ပြည်သူများသည် စစ်ရှောင်ကာလ ၂ လနီးပါး ရှိလာသော်လည်းတစ်ကြိမ်တစ်ခါမှ အကူအညီ မရရှိသေးကြောင်း ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ထံက သိရသည်။

“မြို့ပေါ်ရှောင်သူတွေ၊ လမ်းမကြီးနဲ့ နီးတဲ့နေရာ စာရင်းပေါက်တဲ့ စစ်ရှောင်တွေကတော့ အကူအညီတစ်စုံတစ်ရာ ရရှိပေမဲ့ စာရင်းမပေါက်သေးတဲ့ ဒေသခံတွေ အများကြီးရှိနေတယ်။ အခုနောက်ပိုင်းမှာ စစ်ရှောင်နေကြတဲ့ ဒေသခံ ပြည်သူတွေကို အိမ်တွေဆီ အတင်းအဓမ္မ ပြန်နေခိုင်းတာ၊ ခြိမ်းခြောက်တာတွေ အများကြီးတွေ့လာရတယ်” ဟု ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ပြောရေးဆိုခွင့်ရှိသူ နန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့ပေါ်ရှိ အောင်သပြေ၊ မြကန်သာ၊ အောင်ချမ်းသာ၊ ဟိုခဲ၊ မင်္ဂလာ၊ သီရိ စုစုပေါင်း ရပ်ကွက်ခြောက်ခုနှင့် ပင်စုံ၊ နောင်ကျော၊ တောင်ရှေ့၊ ပလောပကယ်၊ တဘက်၊ နားသံ၊ လွယ်ပွတ်၊ ဘန်ဗွီးအုပ်စုတို့မှ ကျေးရွာပေါင်း ၆၀ နီးပါးသည် ဟိုပုံးမြို့ရှိ တောက်စောက်၊ ထမ်းဘုရား၊ ငိုခီ စသည့် ကျေးရွာပေါင်း ၃၁ ရွာနှင့် ပင်လောင်းမြို့ရှိ ကျေးရွာပေါင်း ၁၇ ရွာတို့မှ အရပ်သား ၁၀၀,၀၀၀ နီးပါး စစ်ရှောင်နေရကြောင်း သိရသည်။

ပအိုးဝ်လူငယ်အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်အရ ယင်းတိုက်ပွဲ ဖြစ်ပွားသည့်နေ့မှ ပြီးခဲ့သည့် မတ် ၁၁ ရက်အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး ၁,၅၀၆ ကြိမ်ကျော်၊ လေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ်ကျော် ပစ်ခတ်ဗုံးကြဲခဲ့ကြောင်း PYO ထံက သိရသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် အဆောက်အအုံပေါင်း ၁၉၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၄၉ ဦး သေဆုံးကာ ၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၂၀ ဦး ကိုမူ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်များက ဖမ်းဆီးသွားကြောင်း သိရသည်။

“အကူညီမရတဲ့ စစ်ရှောင်တွေ အတော်များပါတယ်။ အကူညီရရှိနေတဲ့ စစ်ရှောင်ထက် အကူညီမရရှိသေးတဲ့ စစ်ရှောင်က ပိုများပါတယ်။ စစ်ရှောင် သုံးပုံမှာတစ်ပုံက အကူညီရပါတယ်။ တောထဲ တောင်ထဲ ကျေးရွာထဲ ရှောင်နေတဲ့ စစ်ရှောင်တွေ၊ စာရင်းမပေါက်တဲ့ စစ်ရှောင်တွေ အတော်များပါတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီနှင့် အပေါင်းအပါတို့သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော ဆီဆိုင်မြို့အပါအဝင် ပအိုဝ်းဒေသ အများစုကို နေ့စဉ်ဆက်တိုက် လက်နက်ကြီး၊ လေယာဉ်များအပြင် ဒရုန်းများဖြင့် ပစ်ခတ်ဗုံးကြဲကာ အလုံးစုံဖျက်ဆီးရေး လုပ်ဆောင်နေသကဲ့သို့ ဒေသခံ ပြည်သူများ၊ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း PNLA ထံက သိရသည်။

“တိုက်ပွဲအခြေအနေကတော့ နေ့စဉ်နီးပါး ဖြစ်နေပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေလည်း များစွာရှိနေပါတယ်။ စားနပ်ရိက္ခာ၊ အဝတ်အစားနဲ့ နေထိုင်ရေးအပါ အစစအရာရာပေါ့နော်။ အများကြီး လိုအပ်နေပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေကို ကျွန်တော်တို့က အတတ်နိုင်ဆုံး ကူညီနေတယ် ဆိုပေမယ့် ပြည့်စုံမှုတွေ မရှိသေးပါဘူး။ လုံလောက်မှု မရှိသေးပါဘူး။ အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆောက်အအုံပေါင်း ၁၀၀ ကျော်ရှိသည့် ဆီဆိုင်မြို့မဈေး တစ်ခုလုံး မီးလောင်ပြာကျ သွားသကဲ့သို့ ဘာသာရေး အဆောက်အအုံ ၁၂ လုံး၊ မြို့ပေါ်ရက်ကွက် အရပ်သားနေအိမ်များ၊ ထွေအုပ်ရုံး၊ ပညာရေးမှူးရုံး၊ ရဲစခန်း၊ သစ်တောရုံးအပါအဝင် ဝန်ထမ်းအိမ်ယာ အများအပြားလည်း စစ်ကောင်စီ၏ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး၊ မီးလောင်ပြာကျသွားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် PNLA တပ်ဖွဲ့များ လှုပ်ရှားခြင်း၊ ရောက်ရှိခြင်းပင် မရှိသော ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်ရှိ ထိုကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့၌ပင် ဆိုက်ခေါင်စံပြ ကျေးရွာမှ ဆီဆိုင်မြို့ထဲသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ် ၁၄ အိမ်ထက် မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေကို ဆပ်ကြေးကောက်တာတွေလည်း လုပ်နေတော့ ဒေသခံ ပြည်သူတွေအနေနဲ့ တဖက်မှာ စားဝတ်နေရေး ခက်ခဲသလို တဖက်မှာလည်း ဒီလိုကိစ္စရပ်မျိုးတွေကို ဖြေရှင်းနေကြရပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေ စားနပ်ရိက္ခာ များစွာလိုအပ်နေတယ်။ တောတောင်ရှောင်နေကြတဲ့ ဒေသခံပြည်သူတွေလည်း အမိုးအကာ၊ ဆေးဝါးတွေ လိုအပ်နေကြတယ်” ဟု PYO ပြောရေးဆိုခွင့်ရှိသူ နန်းက ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ဆန်၊ ဆီ၊ ဆာ ဝယ်ယူမှုများ၊ ပို့ဆောင်မှုများကို အဓိကဟန့်တား စစ်ဆေးနေလျှက်ရှိပြီး စစ်ဘေးရှောင် ဒေသခံပြည်သူများကို ကူညီမည်ဆိုလျှင် စစ်ဘေးရှောင်တည်ရှိရာ နေရာဒေသနှင့် အနီးစပ်ဆုံး ကုန်ပစ္စည်များအား ဝယ်ယူပေးပို့ရသကဲ့သို့ မည်သည့်အဖွဲ့အစည်းမှ ကူညီထောက်ပံ့သည်ကို ဖော်ပြရန် မဖြစ်နိုင်သော အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ထို့အပြင် လမ်းများအား ပိတ်ဆို့ခြင်း၊ အင်တာနက်နှင့် သတင်းများ ဖြတ်တောက်ခြင်း၊ စစ်ဘေးရှောင်များအား ဖမ်းဆီးခြင်း၊ စားနပ်ရိက္ခာ ပေးပို့သူများကို ဖိအားပေး ခြိမ်းခြောက်ခြင်း စသည်တို့ကို စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း PYO ထံ သိရသည်။

ဓာတ်ပုံ- PNLA
#စစ်ကောင်စီ #အလုံးစုံပျက်စီးရေး #ပအိုဝ်းဒေသ #မြို့ပျက် #အရပ်သား၁၀၀၀၀၀နီးပါး #စစ်ရှောင် #အကူအညီမရသူများပြား #Ayeyarwaddy_Times