
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ သင်္ကန်းညီနောင် အခြေစိုက်တပ်ရင်းဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ-၃၅၅ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆)၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
စစ်ကောင်စီ၏ ခမရ-၃၅၅ တပ်ရင်းကို မတ် ၇ ရက်နေ့နံနက်ပိုင်းက KNLA ၊ PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါတပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ကာ နယ်မြေရှင်းလင်းမှုများကိုပါ လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။
“နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတဲ့အချိန် မြဝတီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်တယ်။ စစ်ကောင်စီတပ်ဘက်က ၂၀ လောက်သေတယ်။ ထိခိုက်ဒဏ်ရာရရှိ တာတွေလည်းများပြီး ထွက်ပြေးသွားတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ခမရ-၃၅၅ တပ်ရင်းဆုတ်ခွာထွက်ပြေးသွားပြီးနောက် ၎င်းတို့ထံမှ စစ်သုံးခြောက်ဘီး ကားသုံးစီး၊ တံခါးလေးပေါက်ပါ စစ်သုံးကားနှစ်စီး၊ လက်နက်ပေါင်းစုံ ၁၃၃ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၈၁-မမ ၊ ၆၀-မမ နှင့် RPG အပါဝင် ၁၉ လက်၊ အဆိုပါ လက်နက်များကို အသုံးပြုသည့် ခဲယမ်း၊ ကျည်ဆံ အမြောက်အများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
လက်ရှိ ကရင်ပြည်နယ် မြဝတီမြို အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး ဘေးလွတ်ရာများ သို့ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံ ၅၀၀၀ ကျော်အထိရှိလာနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့များထံက သိရသည်။
စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်နေရာ အနီးတဝိုက်ကိုပါ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိကြောင်း စစ်ဘေးရှောင်နေသူများထံက သိရသည်။
ဓာတ်ပုံ- ကရင်အမျိုးသားအစည်းရုံး
ပုံစာ-ခမရ-၃၅၅ မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
#သင်္ကန်းညီနောင်အခြေစိုက်တပ်ရင်း #ခမရ၃၅၅ #တော်လှန်တပ်ဖွဲ့များ #သိမ်းပိုက် #လက်နက်ခဲယမ်း #အမြောက်အများ #သိမ်းဆည်းရမိ #Ayeyarwaddy_Times