
ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
စစ်ကောင်စီက အကြောင်းအမျိုးမျိုးဖြင့် စုဆောင်းထားသည့် လူငယ်အချို့ကို မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပို့ဆောင်ထားကာ စစ်သင်တန်းပေးနေပြီး ငွေကြေးတတ်နိုင်သည့် မိဘအချို့က ၎င်းတို့၏ကလေးများကို သိန်းရာချီပေး၍ ရွေးယူနေရကြောင်း သိရသည်။
အဆိုပါ စစ်သင်တန်းကို မတ်လ ပထမပတ်က စတင်ပေးနေခြင်းဖြစ်ပြီး လူငယ် ၁၄၀ ကျော်ရှိသည့်အနက် လူငယ် ၆၇ ဦးမှာ ရန်ကုန်မြို့က ဖမ်းဆီးခေါ်ဆောင်းလာသည့် လူငယ်များဖြစ်ကြောင်း ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်နီးစပ်သူက ဆိုသည်။
“သင်တန်းသွားရင်း ပျောက်သွားတဲ့လူငယ်တွေကို ရမည်းသင်းက ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာသွားရွေးရတယ်။ စစ်သင်တန်းပေးဖို့ ခေါ်ထားတာပါ။ ပေါ်တာဆွဲခေါ်ထားတာတွေရော နည်းမျိုးစုံနဲ့ စုထားတဲ့သူတွေရောပါတယ်။ အရမ်းချမ်းသာတဲ့သူတွေပဲ ရွေးယူနိုင်ကြတယ်။ အဲ့ဒီကလေးတွေကို ရှေ့တန်း စစ်တိုက်ဖို့ အကုန်လွှတ်မှာ” ဟု စစ်ကောင်စီလက်အောက်ခံ Non CDM အရာရှိတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ရမည်းသင်း အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်းတက်နေကြရသည့် လူငယ်များတွင် လူငယ်တစ်ဦးကို သိန်း ၁၀၀၀ ဝန်းကျင်ဖြင့်ရွေးယူခဲ့ပြီး ကျန်လူငယ်နှစ်ဦးမှာ သိန်း၅၀၀ ဖြင့်ရွေးယူခဲ့မှုကြောင့် လူငယ် သုံး ဦးကို မိဘများထံပြန်လည်အပ်နှံလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ Non CDM အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်သင်တန်းပေးနေခြင်းနှင့် ပတ်သက်၍ ရမည်းသင်း အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအနီးရှိ ဒေသခံတစ်ဦးကို ဧရာဝတီတိုင်းမ်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ” စစ်သင်တန်းပေးနေကြတာကို ကျွန်တော်တို့ မြင်ရပါတယ်၊ လူငယ်တွေအများကြီးပဲ တွေ့ရတယ်”ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက လူပျောက်သတင်းများနှင့်အတူ လူငယ်အချို့ ပေါ်တာဆွဲခံရသည့် သတင်းများလည် လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိလာရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ လူငယ် အများစုသည် ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာကြပြီး ပတ်စပို့စ် လျှောက်ထားသူ ပိုမို များပြားလာကာ တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မြင့်တက်လျက် ရှိနေကြောင်းစုံစမ်းသိရှိရသည်။
ဓာတ်ပုံ-ရမည်းသင်း အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း
#ရမည်းသင်း #အမှတ်၁ရဲလေ့ကျင့်ရေးသင်တန်းကျောင်း #လူငယ်၁၄၀ကျော် #စစ်သင်တန်းပေး #လူငယ်အချို့ #သိန်းရာချီ #ပြန်လည်ရွေးယူ #Ayeyarwaddy_Times