
ဧရာဝတီတိုင်းမ်
မတ် ၁၃ရက်
စစ်ကောင်စီက ၎င်းတို့၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ယမန်နေ့ မတ် ၁၂ရက်နေ့ ညနေ ၅ နာရီခန့်မှစတင်၍ ရဟတ်ယာဉ်တစ်စီးပေါ်မှ စက်သေနတ်ဖြင့် (၈) ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း AA၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့ပြီးနောက် ဗုံး ၁၀လုံးကျော် ကြဲချခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲနဲ့ Air strike လာလုပ်သွားတာ။ ညနေ ၅ နာရီလောက်ကနေ ၅နာရီခွဲလောက်အထိ အဆက်မပြတ်လာပစ်သွားတာပါ။ တောင်တန်းတကြောကို လာပစ်တာဆိုတော့ လူအထိအခိုက်ရှိတယ်တော့ မကြားမိဘူး” ဟု အမ်းမြို့ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်ဟု AAက ဆိုသည်။
စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်ပုန်းခိုနေသည်ဟု ဆိုကာ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို လေကြောင်းမှ အပြင်းအထန် လာရောက်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် မင်းပြားမြို့၌ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ယုတ်မာစွာ ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်နေ့က စစ်ရဟတ်ယာဥ်များဖြင့် အမ်းမြို့သို့ပြောင်းရွှေ့လာကြပြီး အမ်းမြို့နယ် အတွင်း လုံခြုံရေး အထူးကြပ်မတ်ထားကြောင်း သိရသည်။
#အမ်းမြို့ #ရူးတိုက်နယ် #ရီဘုတ်ရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times