ဧရာဝတီတိုင်းမ်
မတ် ၁၃ရက်

ရခိုင်ပြည်နယ်၊ မောင်တောရှိ အောင်သပြေနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ပြီးခဲ့သည့် မတ် ၁၁ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၍ စစ်ကောင်စီ အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း AA က ထုတ်ပြန်သည်။

အောင်သပြေစခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက်မှာ ၁၇၉ ယောက်အထိ ရှိပြီဖြစ်‌ကြောင်း သိရသည်။

စခန်းစွန့်ခွာပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း AA က ဆိုထားသည်။

ထို့ကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်ဟု AA က ဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA)က မောင်တောရှိ ပဲရွန်းတောင်စခန်း၊ မောရဝတီဗျူဟာ၊ ဗောဓိကုန်းစခန်း၊ အလယ်သံကျော် နယ်မြေစခန်း၊ နှုရှ်လာစခန်း၊ ဂေါ်ဒူသာရ စခန်းနှင့်ရန်အောင်ပြင်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး ကျန်သည့်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့
#မောင်တော #‌စစ်ကောင်စီ #အောင်သပြေနယ်ခြားစောင့်စခန်း #AAသိမ်းပိုက် #စားနပ်ရိက္ခာ #အဆိပ်ခတ် #Ayeyarwaddy_Times