
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
မြဝတီမြို့အနည်းနားတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနေပြီး ယာယီစစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၅၀၀၀ ကျော်အထိရှိလာကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံက သိရသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများသည် ပြီးခဲ့သည့် မတ် ၉ ရက်နေကတည်းက လက်ရှိအချိန်ထိ ဖြစ်ပွားနေပြီး တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်းကြောင့် ရွာသစ်၊ မဲကနယ်၊ မြေနီကုန်း ၊ သင်္ကန်းညီနောင်၊ မြစန္ဒီ နှင့် ကုန်သွယ်ရေးစုံဒေသများမှ စစ်ရှောင်နေရသူ ဒေသခံပြည်သူ ၅၀၀၀ ကျော်အထိ ရှိလာနေကြောင်း သိရသည်။
“မြဝတီမြို့ပေါ် ကြံခင်းရပ်ကွက်က ဓမ္မာရုံ ၊ နောက် အမှတ် (၂) အထက်တန်းကျောင်း ၊ တောရဘုန်းကြီးကျောင်းနဲ့ ရေပူဘုန်းကြီးကျောင်းတို့မှာ ယာယီခိုလိုခွင့်ပြုထားတယ်။ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာအနီးတဝိုက်ကို ကားနဲ့သွားရောက် ခေါ်ယူပေးနေတာတွေရှိပါတယ်။ ဒီနေ့အချိန်ထိလည်း စစ်ဘေးရှောင်တွေကို သယ်ယူခေါ်ဆောင်ပေးနေပါတယ်” ဟု လူမှုကူညီရေး အသင်းအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့သည် ယနေ့ မတ် ၁၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ သင်္ကန်းညီနောင်၊ မယ်ထော်သလေး၊ လေးကေ့ကော်၊ ပေါလော၊ ရသေ့ဂူ၊ ဝှေ့ရှမ်းရွာနှင့် သံပရာရွာများဘက်တွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဖလူးစခန်းကို လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် အဝေးကပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအရှိန်မြင့်လာနေပြီး လက်ရှိတွင် မြဝတီမြိုနယ်အတွင်းရှိ ဒေသခံအချို့ပါ ထိုင်းနိုင်ငံနယ်စပ်များသို့ သွားရောက်ခိုလုံမှုများရှိကြောင်း ဒေသခံများ ထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ဘေးရှောင်များကိုကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့အစည်းများ၊
#မြဝတီမြို့အနီးတဝိုက် #တိုက်ပွဲများဖြစ်ပွား #စစ်ဘေးရှောင် #၅၀၀၀ကျော် #Ayeyarwaddy_Times