ဧရာဝတီတိုင်းမ်
မတ် ၁၃ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ တိုင်းဗဟို (၉) ခေါ် အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၉) မှ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားသည့် ကျောင်းအုပ်ဗိုလ်မှူးချုပ်ကျော်ထင်နှင့် အဖွဲ့ကို အောင်မြင်စွာ ဆုတ်ခွာနိုင်သည်ဟုဆိုကာ စစ်ကောင်စီက ကြိုဆိုခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်နေ့မှစတင်၍ တိုင်းဗဟို (၉)ကို စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ကျောင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းတွင် အခြေအနေမဟန်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တတက-၉ ကို စွန့်ခွာကာ အဖွဲ့လိုက် ကစဉ့်ကလျား ထွက်ပြေး ခဲ့ကြပြီး ကျောင်းအုပ်ဗိုလ်ချုပ်ကျော်ထင်နှင့်အင်အား ၃၀၀ပါအဖွဲ့သည် ချင်းတောင်ကို ဖြတ်၍ မကွေးတိုင်းအစွန်၊ စေတုတ္တရာရှိ တပ်မတော်ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ-ကပစ တစ်ခုသို့ ရောက်ရှိသွားကြောင်း သိရသည်။

၎င်းတို့အဖွဲ့ ထွက်ပြေးလွတ်မြောက်ရန်အတွက် ရှေ့ပြေးမျှား၍ထွက်ပြေးသော တတက-၉ ကျောင်းအုပ်ချုပ်ရေး ဌာနမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အဖွဲ့သည် ဒေသခံ ၂၀ကျော်ကို လူသားဒိုင်းအဖြစ်ပြုလုပ်၍ ထွက်ပြေးသော်လည်း AA က အသေဖမ်းမိကြောင်း ထုတ်ပြန်ခဲ့သည်။

စေတုတ္တရာကပစ သို့ထွက်ပြေးသည့် ဗိုလ်မှူးချုပ်ကျော်ထင်သည် စစ်တပ်ကိုယ်တွေမှတ်တမ်းများရေးခဲ့သူ စာရေးဆရာသောင်းဝေဦး (ဗိုလ်မှူးကြီး) ၏ သားမက်ဖြစ်ပြီး စတသ(၃၈)ဆင်းဖြစ်ကြောင်း သိရသည်။

စစ်ရှုံး၍ ကျောင်းကိုထားကာ ထွက်ပြေးခဲ့ကြသည့် ဗိုလ်မှူးချုပ်ကျော်ထင်နှင့်အဖွဲ့ကို စလင်းတပ်နယ်ရှိ စစ်ကောင်စီအဖွဲ့က အောင်မြင်စွာ ဆုတ်ခွာနိုင်သည်ဟုဆိုကာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

“၁၀ရက်နီးပါး သုတ်ခြေတင်ပြေးကြတဲ့အဖွဲ့ဟာအင်အား ၃၀၀လောက်ရှိပါတယ်။ ဗိုလ်မှူးချုပ်တစ်ယောက် ခေါင်းဆောင်ပြီး ဒီလောက်အင်အားကြီးနဲ့ ကျောင်းဌာနချုပ်ကို လက်လွှတ်ထွက်ပြေးရတဲ့အထိ AA ရဲ့ တိုက်စစ်အားကိုတော့ လုံးဝအသိအမှတ်ပြုရပါ လိမ့်မယ်။ အမောင်ကျောင်းအုပ်တို့ရဲ့ ထွက်ပြေးရာလမ်းကြောင်းဟာ ရခိုင်နဲ့ မကွေးလမ်းကြောင်းပဲ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ထို့အပြင် ၎င်းတို့အဖွဲ့ ထွက်ပြေးလွတ်မြောက်ပြီး ရောက်ရှိနေသည့်နေရာသည် ကန်ဇွန်းမ၊ ဆော၊ ကန်ပက်လက်တို့ဆီ လမ်းပေါက်နေသောကြောင့် ထိုနယ်မြေများမှ တော်လှန်ရေးတပ်ဖွဲ့များ သတိထားသင့်ကြောင်း ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

ပုံစာ- ယမန်နှစ် ဇူလိုင် ၁၁ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူတွေ့ရသည့် ဗိုလ်မှူးချုပ်ကျော်ထင်

#မင်းပြား #ကမ်းနီ #တိုင်းဗဟို၉ #ဗိုလ်မှူးချုပ်ကျော်ထင် #လက်လွတ်ထွက်ပြေး #စစ်ကောင်စီ #အောင်မြင်စွာဆုတ်ခွာ #ကြိုဆို #Ayeyarwaddy_Times