ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက PDF တွေကို မနိုင်လို့ အထိခိုက်အကျဆုံး များလာပြီးနောက်ပိုင်း ဇွန်လ ၂၅ ရက်နေ့မှာ ကျေးရွာတွေကို မီးရှို့တာတွေ စတင်ပြုလုပ်လာပါတယ်။
ဒီလိုမျိုး စစ်ကောင်စီတပ်က ဒေသခံ PDF တွေနဲ့ KNLA ပူးပေါင်းတပ်တွေကို မနိုင်လို့ ထုံးဘိုရွာကို မီးရှို့တာဟာ မွန်ပြည်နယ်မှာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံ PDF တပ်မဟာ ၁ ရဲ့ PDF တာဝန်ခံက ဧရာဝတီ တိုင်းမ်ကို ပြောပါတယ်။
“ မွန်ပြည်နယ်မှာတော့ ဒါပထမဆုံးပဲ နေ့လည်ပိုင်းက စရှို့တာ ခုတော့ တရွာလုံးကုန်သွားပြီ အိမ်ခြေ ၂၀၀ ကျော်လောက်ပါသွားတာပေါ့ ဒေသခံတွေကတော့ ဘေးလွတ်ရာရှောင်ရနေကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကျေးရွာထဲ မီးဝင်ရှို့တဲ့အချိန်မှာ ဒေသခံပြည်သူတွေက ဘေးလွတ်ရာကို တိမ်းရှောင် ခဲ့ပေမယ့် ခြေထောက်ပြတ်နေတဲ့ ကိုစောစမူးကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မီးရှို့တဲ့ ကျေးရွာအနီးတဝိုက်မှာ လွန်ခဲ့တဲ့ ၄ ရက်လောက်က စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်မဟာ ၁ နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အကျဆုံးများလာ ချိန်မှာ ခုလို ကျေးရွာထဲကို မီးဝင်ရှို့တာလို့ ပြောပါတယ်။