ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်

ရိုဟင်ဂျာပြဿနာနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ လူသားချင်းစာနာမှုနဲ့ စီးပွားရေးအကျပ်အတည်းတွေက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သန်းနဲ့ချီတဲ့ပြည်သူတွေကို ထိခိုက်စေခဲ့ပါတယ်။

ဒီအကျပ်အတည်းကို အများဆုံးကြုံတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေ ကို ကနေဒါနိုင်ငံက ဆက်လက် ကူညီသွားမှာဖြစ်ပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီနဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဝန်ကြီး ဟာဂျစ်ဆတ်ဂျန် တို့က ရိုဟင်ဂျာနဲ့ မြန်မာ့အရေးကို တုံ့ပြန်မယ့် ကနေဒါနိုင်ငံရဲ့ မဟာဗျူဟာကို ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကြေ ညာခဲ့ပါတယ်။

အဲဒီမဟာဗျူဟာအရ ကနေဒါနိုင်ငံက ရိုဟင်ဂျာနဲ့ မြန်မာပြည်သူတွေအတွက် လာမယ့်သုံးနှစ်အတွင်း ဒေါ်လာ ၂၈၈ ဒသမ ၃ သန်း ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေနဲ့အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအပြင် ရိုဟင်ဂျာနဲ့ အခြားလူမျိုးစုတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်မှုအတွက် တာဝန်ခံဖို့ ကနေဒါနိုင်ငံက ဆက်လက် တွန်းအားပေးသွားမှာဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတ ကာမိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရာမှာ ဦးဆောင်အခန်းကပါဝင်မယ့် ရိုဟင်ဂျာနဲ့ မြန်မာ့အကျပ်အတည်း ဆိုင်ရာ အထူးသံတမန်သစ် ခန့်အပ်မယ့်အစီအစဉ်ကိုလည်း ဝန်ကြီး ဂျိုလီက ကြေညာခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပါအဝင် ဘေးသင့်ဆုံးပြည်သူတွေရဲ့ လက်ငင်းလိုအပ်ချက်တွေကို ဖြေရှင်းရာမှာ အတွေ့ အကြုံရှိ မိတ်ဖက်တွေကို ပံ့ပိုးကူညီဖို့ ကနေဒါနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၅ ဒသမ ၃ သန်းနဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၀ ဒသမ ၃ သန်း ခွဲဝေသတ်မှတ်ခဲ့ပါတယ်။

ကိုးကား – Global Affairs Canada
Ref; Canada announces next phase of strategy responding to Rohingya and Myanmar crises