မင်းခ/ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇွန်လ ၂၆ ရက်

ဧရာဝတီတိုင်းဒေသကြီးတွင် ဧပြီလမှ ယနေ့ ဇွန်လ ၂၅ ရက်နေ့အထိ ၃လအတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၃၀၀ ကျော် ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ ၅၃ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

၎င်းတို့အား ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပုသိမ်မြို့နယ်တွင် ၁၀၀ ကျော်၊ ရေကြည်မြို့နယ်တွင် ၁၀၄ ဦးနှင့် ကြံခင်းနှင့် ကျိုက်လတ်မြို့များတွင် ၃၀ နီးပါးစီဖြင့် အသီးသီးဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်တွင် ပင်လယ်ရေကြောင်းလမ်းမှ တဆင့် ဝင်ရောက်လာစဥ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရေကြည်နှင့် ကြံခင်းမြို့နယ်များတွင်မူ ကားများဖြင့် ဧရာဝတီတိုင်းအတွင်းမှ ထွက်ခွာရန်ကြိုးစားစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

” ဧရာ၀တီတိုင်းမှာ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ဘက်က တစ်ဆင့်၀င်လာကြတာ အများဆုံးကတော့ ပုသိမ်မြို့နယ်ချောင်းသာငွေဆောင် ရွှေသောင်ယံဘက်တွေက အ၀င်များတယ် အရင်ကလဲ ၀င်လို့ဖမ်းမိတာတွေရှိတယ်ခု အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းမိတာပိုများလာတယ် အဓိကကတော့လူပွဲစားတွေက ရန်ကုန်ကနေတစ်ဆင့်မလေးရှားနိုင်ငံကိုပို့ပေးတာလို့သိရတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင် NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်တွင်လည်း ဧရာဝတီတိုင်းအတွင်း အထောက်အထားမဲ့ရိုဟင်ဂျာလူမျိုးများ နှစ်စဥ်ဖမ်းမိလေ့ရှိပြီး ၎င်းတို့အား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်လေ့ရှိသော်လည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင်မူ ဖမ်းဆီးခံရသူ ၃၀၀ ကျော်အနက်မှ ၅၃ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရကြောင်း သိရသည်။

” NLD အစိုးရလက်ထက်တုန်းကဆိုလည်း ဧရာဝတီတိုင်းမှ တစ်လကို ရာနဲ့ချီတဲ့အထိ ဖမ်းမိခဲ့တာတွေရှိခဲ့တယ်။ ကိုဗစ်ကာလတုန်းကဆို အစိုးရကအကုန်အကျခံပြီး ကိုဗစ်စစ်ပေး ကွာရန်တင်းသဘောမျိုးထားပေးတာတွေအထိရှိခဲ့တယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလိုမဟုတ်တော့ဘူး။ သူတို့အပေါ် ဘယ်လိုတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရလဲ မသိရတော့ဘူး။ ဟိုတလောက ရေနံသာဂိတ်မှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅၀ ကျော်ကို ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တယ်။ ​မြန်မာပြည်က ရိုဟင်ဂျာအရေးကို ကမ္ဘာက စောင့်ကြည့်နေချိန်မှာ ဒီလိုမျိုး ထောင်ဒဏ်ချမှတ်တာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်တစ်ခုသာဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

မြန်မာအာဏာသိမ်းစစ်တပ်၏ စစ်ခေါင်းဆောင် ခြောက်ဦးကိုလည်း ၂၀၁၇ခုနှစ် သြဂုတ်လက ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများအဖြစ် မြန်မာရိုဟင်ဂျာအသင်းက အာဂျင်တီးနားတရားရုံး၌ အမည်စာရင်တင်သွင်းထား​သည်။

ထို့အပြင် အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု မတ်လအတွင်းက တရားဝင်ကြေငြာထားသည်။