ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့က နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲပြုလုပ်နေချိန်မှာ အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လို့ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲ့အထဲက အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှာ မွေးနေ့ပွဲပြုလုပ်နေချိန် စစ်အုပ်စုက လက်နက်ကြီးနဲ့ ၃ လုံးခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာထဲကျရောက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာတွေ ရရှိ ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ဆုံး ဖားကန့်ဆေးရုံတင်တာ အခြေအနေမကောင်းတော့ မသက်သာလို့ မြစ်ကြီးနားဆေးရုံထပ်ပို့တာ ကားမိုင်းနားမှာတင်သေသွားတာ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်စုဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ အသက် ၅၀ ကျော်အရွယ် တဦး ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လလောက်ကလည်း လက်နက်ကြီးထိမှန်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်အုပ်စုဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသား ပြည်သူ တွေကိုလည်း ဆန္ဒပြရင် ရွာကိုပြာကျအောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။