
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၂ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုတို့တွင် တိုက်ပွဲများပြင်းထန် လာပြီးနောက် စစ်ကောင်စီတပ်မှ အရာရှိနှင့် မိသားစုများ လေယာဉ်ဖြင့် အရေးပေါ်ထွက်ပြေးကြပြီးနောက် ပိတ်ထားသည့် လေဆိပ်များကို ယနေ့ မတ် ၁၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ် ၇ ရက်နေ့က တစ်ကျော့ပြန်စတင်ခဲ့သည့် တိုက်ပွဲများအတွင်း မြစ်ကြီးနားလေတပ်စခန်းနှင့် ဗန်းမော်လေဆိပ်တို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုလေဆိပ်များကို မတ် ၉ ရက်နေ့က အရေးပေါ်ပိတ်သိမ်းခဲ့သည်။
ထိုသို့ ပိတ်သိမ်းပြီးနောက် ယမန်နေ့ မတ် ၁၀ ရက်နေ့နှင့် ယနေ့ ၁၁ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ အရာရှိများနှင့် မိသားစု၀င်များသည် စစ်တပ်ပိုင်လေယာဉ်အပြင် လေယာဉ်စင်းလုံးငှား၍ ပြောင်းရွှေ့ ထွက်ပြေးကြခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“မြစ်ကြီးနားလေတပ်ရော၊ ဗန်းမော်တပ်တွေထဲကိုရော ရှော့တိုက်ဒုံးတွေချခံနေရတော့ မြစ်ကြီးနား၊ ဗန်း မော်လေယာဉ်ခရီးစဉ်တွေကို ရွှေ့ဆိုင်းပြီး လေဆိပ်တွေကို ပိတ်လိုက်တယ်။ ပိတ်ပြီးနောက်နေ့ တပ်ကလူတွေပြေးကြတာ။ တစ်နေ့ထဲ သုံးခေါက်ပြေးဆွဲပေးနေရတာတောင်ရှိတယ်။ ဒီနေ့တော့ လေဆိပ်ပြန်ဖွင့်ပြီ ကြားတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ အရာရှိပိုင်းနှင့် မိသားစု၀င်များသည် စစ်ရေးပြင်းထန်လာသည့် တိုင်းရင်းသားနယ်မြေများတွင် မိမိတို့၏ တပ်ရင်းများကို စွန့်ခွာ၍ ဦးစွာပြောင်းရွှေ့ ထွက်ပြေးကြသည်ကို တွေ့ရသည်။
လောက်ကိုင် ဒကစ လက်နက်မချမီ ဒီဇင်ဘာလအတွင်းကတည်းက အရာရှိပိုင်းမှ မိသားစု၀င်များကြိုတင်၍ ပြောင်းရွှေ့ထွက်ပြေးမှုများရှိခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း စစ်တွေဒကစအတွင်းရှိ အရာရှိများနှင့် ၎င်းတို့၏ မိသားစု၀င်များ လေယာဉ်များ၊ သင်္ဘောများကို အသုံးပြု၍ ပြောင်းရွှေ့ထွက်ပြေးမှုများ ပြုလုပ်ခဲ့ကြသည်။
ပုံစာ- ဖေဖော်ဝါရီ ၁၅ ရက်နေ့က မအီမြို့မှ တပ်မိသားစု၀င်များနှင့် အရာရှိပိုင်းအချို့ကို ရဟတ်ယာဉ် ဖြင့် ပြောင်းရွှေ့နေကြစဉ်
#ကချင် #မြစ်ကြီးနား #ဗန်းမော် #လေဆိပ်ပြန်ဖွင့် #တပ်အရာရှိ #မိသားစု၀င်များ #ပြောင်းရွှေ့ထွက်ပြေး #Ayeyarwaddy_Times