
ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
ရမ်းဗြဲမြို့အတွင်းရှိ နောက်ဆုံး ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တစ်ယောက်မကျန် ရှင်းလင်းပြီးနောက် ရက္ခိုင့်တပ်တော် (AA) က မြို့ကို အလုံးစုံ ထိန်းချုပ်လိုက်နိုင်ပြီး ရခိုင်တောင်ပိုင်းတွင် ပထမဦးဆုံး သိမ်းယူနိုင်သည့် မြို့ဖြစ်ကြောင်း သိရ သည်။
ယမန်နေ့ မတ် ၁၁ ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို တစ်ယောက်မကျန်ရှင်းလင်းနိုင်ခဲ့သောကြောင့် “ရမ်းဗြဲမြို့” သည် ရက္ခိုင့်တပ်တော် (AA) မှ လုံးဝအပြီးသတ်သိမ်းယူလိုက်သည့် မြို့တစ်မြို့ဖြစ်လာကြောင်း AAက ထုတ်ပြန်သည်။
ရမ်းဗြဲမြို့သည် ရမ်းဗြဲကျွန်း ပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ပလက်ဝ၊ ရက္ခိုင်စစ်ဆင်ရေး စတင်ပြီးနောက် တစ်လကျော်အကြာ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၈ နာရီ ၁၃ မိနစ်တွင် ရမ်းဗြဲမြို့၊ အောင်ချမ်းသာစေတီ တိုက်ပွဲမှ စတင်ခဲ့ပြီး သုံးလတာနီးပါး ၈၅ ရက်ကြာ ရှည်လျားခဲ့သော မြို့တွင်းတိုက်ပွဲများလည်းဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတို့ကို နေ့စဥ်နီးပါးပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အောက်တွင် လက်မြှောက်အရှုံးပေးခဲ့ရကြောင်း AA ကဆိုထားသည်။
လက်ရှိတွင် ရမ်းဗြဲမြို့မှ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော် (AA)က လိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရသည်။
စစ်ကောင်စီ သည် ကြည်း၊ ရေ၊ လေ ခုခံစစ်၊ ထိုးစစ်များကို ရမ်းဗြဲမြို့အတွင်းတွင် ဆင်နွှဲခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်မှု၊ အတက်၊ အဆုတ် မှန်ကန်မှု၊ ရရှိသမျှအခွင့်အရေးကို အမိအရအသုံးချနိုင်မှုတို့ကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကျိုးပေါက်ခဲ့ပြီး နောက်ဆုံးတွင် ရက္ခိုင့်တပ်တော်မှ ရမ်းဗြဲမြို့ကို အပြတ်အသတ်ချေမှုန်းသိမ်းပိုက်ရယူနိုင်ခဲ့ေကြာင်း သိရသည်။
ရမ်းဗြဲမြို့ဒေသခံများအနေဖြင့် မိမိအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ရန် မေတ္တာရပ်ခံထားပြီး စစ်ကောင်စီမှ ထောင်ထားသည့် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ မေတ္တာရပ်ခံပန်ကြားရခြင်းဖြစ်သည်ဟု AA ကဆိုသည်။
ရမ်းဗြဲကျွန်း တိုက်ပွဲကာလအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါေကြာင်း AAက ထုတ်ပြန်ထားသည်။
#ရမ်းဗြဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #AA #အပြီးတိုက်ထုတ် #မြို့ကိုထိန်းချုပ် #Ayeyarwaddy_Times