
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၂ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) အင်လုံခ ပြည်သူ့စစ်စခန်းနှင့် အောင်မြေ (၂) သို့ လာရောက် ဗုံးကြဲသည့် စစ်ကောင်စီ၏ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကပစ်ချခဲ့ရာ ထိမှန်သွားကြောင်း သိရသည်။
ယမန်နေ့ မတ် ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အင်လုံခ ပြည်သူ့စစ်စခန်းကို ပြန်လည်ရယူရန် လာ ရောက်ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချခဲ့ရာ ထိမှန်ပြီးမြစ်ကြီး နားလေတပ်စခန်းသို့ လှည့်ပြန်၍ ဆင်းသက်သွား ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ညနေ ၅ နာရီလောက်က အင်လုံခကို လာပစ်တဲ့ ရဟတ်ယာဉ် ပစ်ချခံရပြီး မြစ်ကြီးနားလေတပ်စခန်း ထဲကိုပြန်ဆင်းသွားတယ်။ ပေါက်ကွဲသံတော့ကြား လိုက်ရတယ်။ တစ်စင်းလုံး ထိမထိတော့ မသိရသေးဘူး”ဟု မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဗုံးလာရောက်ကြဲချသည့် အဆိုပါ အင်လုံခ အောင်မြေ (၁) သည် ဝိုင်းမော်မြို့နယ်ရှိ လီဆူးအမျိုးသား ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ ပြည်သူ့စစ်စခန်းတည်ရှိရာနေရာဖြစ်ပြီး မတ် ၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ပြန်လည်၍ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပစ်ချလိုက်သည့် Mi 35 ရဟတ်ယာဉ်အပါအ၀င် ယခုနှစ်စအတွင်း KIA ပစ်ချခဲ့သည့် စစ်ကောင်စီ ၏ ရဟတ်ယာဉ်ပေါင်း ၃ စင်း အထိရှိပြီဖြစ်သည်။
ပုံစာ- စစ်ကောင်စီ၏ (၇၂) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့တွင် တွေ့ရသည့် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များ
#ကချင် #ဝိုင်းမော် #အင်လုံခ #ပြည်သူ့စစ်စခန်း #ဦးရွှေမင်း #စစ်ကောင်စီရဟတ်ယာဉ် #Mi 35 #KIA #ပစ်ချ #Ayeyarwaddy_Times