ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့် အရပ်သားနေထိုင်ရာ မြို့နယ် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး လေကြောင်းအသုံးပြုရာတွင် အရေးကြီးသည့် လေယာဉ်ဆီများကို နိုင်ငံတကာ ကုမ္ပဏီများက စစ်အုပ်စုထံ ရောင်းချမှုများရှိနေသည့်အတွက် Blood Money Campaign အဖွဲ့အစည်းက လေယာဉ်ဆီတင်ပို့ရောင်းချခြင်းကို ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် လက်နက်မဲ့ပြည်သူလူထုကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် လိုအပ်သည့် လေယာဉ်ဆီများကို နိုင်ငံတကာ ကုမ္ပဏီများက စစ်အုပ်စုထံ နည်းလမ်းမျိုးစုံဖြင့် တင်ပို့ရောင်းချနေပြီး လေယာဉ်ဆီများကိုတင်ဆောင်ရာတွင် အသုံးပြုသည့် ဆီတင်သင်္ဘောများကို အာမခံပေးသည့် ရေကြောင်းအာမခံကုမ္ပဏီများကလည်း သယ်ယူပို့ဆောင်ရေးတွင် အရေးပါသည့်အခန်းဏ္ဍတွင် ပါဝင်နေကြောင်း သိရသည်။

အဆိုပါရေကြောင်းအာမခံ ကုမ္ပဏီများကိုလည်း အာမမခံပေးရန် သက်ဆိုင်ရာ အစိုးရများမှတဆင့် တားမြစ်နိုင်ရန်ရည်ရွယ်ပြီး လေယာဉ်ဆီတင်ပို့ရောင်းချခြင်း နှင့် သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်း အာမခံပေးနေမှုများကို ကန့်ကွက်သည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တပ်ကအာဏာသိမ်းပြီး ကာလမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထုတွေအသက်ဆုံးရှုံးရတဲ့ကိစ္စတွေ၊ နေရပ်စွန့်ခွာရတဲ့ကိစ္စတွေ၊ လေယာဉ်သံကြားတာနဲ့ စာသင်‌နေတဲ့ကျောင်းသားတွေ၊ လွယ်အိတ်ပိုက်ပြေးရတဲ့အနေအထားတွေပါ။ တောက်လျှောက် စစ်တပ်ကပြည်သူလူထုကို အဓိကထား သတ်နေသလိုမျိုး လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတာဖြစ်တယ်။ ဒါကိုရပ်တန့်နိုင်ဖို့ဆိုရင် စစ်တပ်ဆီကို ရောက်ရှိနေတဲ့လေယာဉ်ဆီကို ဖြတ်တောက်နိုင်ဖို့အရေးကြီးတယ်။ ‌လေယာဉ်ဆီကိုဖြတ်တောက်နိုင်မှသာလျှင် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက် တာကို ရပ်တန့်နိုင်မှာဖြစ်တယ်။ အဲ့တာကြောင့် ဒီကမ်ပိန်းကိုလုပ်ရတာဖြစ်တယ်” ဟု Blood Money Campaign တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခု လှုပ်ရှားမှုအတွင်း ပြည်သူလူထုကို အခြေပြုသည့် အွန်လိုင်း နှင့် မြေပြင် ပူးတွဲလှုပ်ရှားမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး အွန်လိုင်းလှုပ်ရှားမှုအနေဖြင့် ဖိုတိုကမ်ပိန်း၊ လက်မှတ်ထိုးတောင်းဆိုခြင်းများ၊ တွစ်တာ(X) တွင် တပြိုင်နက် ပို့စ် တင်ခြင်းများအပြင် မြေပြင်လှုပ်ရှားမှုတွင်လည်း နိုင်ငံတကာ နှင့် ပြည်တွင်းရှိလူကိုယ်တိုင်ထွက် ဆန္ဒပြ၍ အဆင်ပြေသည့်နေရာများတွင် ဆန္ဒပြတောင်းဆိုသွားရန် စီစဉ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သို့ လေယာဉ်ဆီ အဓိကရောက်ရှိနေအောင် ပြုလုပ်သည့် နိုင်ငံတကာ ကုမ္ပဏီများတွင် စင်ကာပူအခြေစိုက်ကုမ္ပဏီများ၊ ExxonMobil၊ Chevron စသည့် ကုမ္ပဏီများ ပါဝင်နေပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများကို တဆင့်ခံအဖြစ် အသုံးချကာ လေယာဉ်ဆီ တင်သွင်းနေကြောင်း သိရသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများမှ မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ အရေးယူဒဏ်ခတ်မှုများ ပြုလုပ်နေသော်လည်း လေယာဉ်ဆီ တင်ပို့မှုများကို ကုန်သည်များမှတဆင့် အဆင့်ဆင့်လွှဲပြောင်းရောင်းချကာ မြန်မာနိုငံသို့ပို့ဆောင်မှုများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းတို့အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း သေဆုံးခဲ့ရသည့် အရပ်သား ၉၃၆ ဦးအထိရှိခဲ့ပြီး ၈၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း၏ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – Amnesty International
ပုံစာ – သီလဝါဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့်ဗီယက်နမ်အခြေစိုက်ကုမ္ပဏီတစ်ခုမှ လောင်စာဆီသင်္ဘော

#သွေးစွန်းငွေဖြတ်တောက်ရေး #လေယာဉ်ဆီတင်ပို့ရောင်းချ #စစ်ကောင်စီ #ကန့်ကွက် #နိုင်ငံတကာကုမ္ပဏီ #Ayeyarwaddy_Times