အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှ အခြေခံစားသောက်ကုန် များ နေ့စဥ်ပှံမှန် ဝင်ရောက်လာပြီဖြစ်ကြောင့် ဒေသခံများထံက သိရသည်။

ပလက်ဝမြို့နယ်သည် ယခင်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရေလမ်း၊ကုန်းလမ်းဖြင့် အခြေခံစားသောက်ကုန်များ အဓိကဝယ်ယူစားသောက်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ကစ၍ အဆိုပါ လမ်းကြောင်းများ အားလုံးကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် မြို့နယ်ချင်းဆက်လမ်းကြောင်းများ အားလုံးကို စစ်ကောင်စီမှ ပိတ်ထားသောကြောင့် ပလက်ဝမြို့နယ်သို့ စားသောက်ကုန်များ မသယ်ဆောင်နိုင်သောကြောင့် မီဇိုရမ်ပြည်နယ်ဘက်က ဝယ်ယူစားသောက်နေရကာ ယခုခါ နေ့စဥ်ပုံမှန် ကုန်ပစ္စည်းများ ဝင်ရောက်လာပြီဖြစ်သည်။

“ဆန်ကလွဲရင် စက်သုံးဆီ၊ စားသုံးဆိီ၊ ဆား၊ ဟင်းချိုမှုန့်၊ ငရုပ်သီးခြောက်၊ မုန့်မျိုးစုံ စတဲ့ ကုန်စည်တွေက တရက်ကို နေ့တိုင်း ဟွန်ဒါစက်လှေငယ် အစီးရေ ၃၀ ခန့်နဲ့ ဝင်ရောက်နေပါပြီ။ ဆန်က လောလောဆယ် သယ်ယူတင်သွင်းခွင့် မပေးသေးဘူး။ ရခိုင်ကထက်တော့ စျေးကြီးတယ်။ ဒါပေမယ့် လမ်းကြောင်းတွေက သယ်ရပြုရတာ လွယ်ပါတယ်” ဟု အမည်မဖော်လိုသည့် ရှင်းလက်ဝကျေးရွာနေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အခြေခံစားသောက်ကုန်များသည် မီဇိုရမ်ပြည်နယ်မှ ရေကြောင်းဖြင့် နေ့စဥ် ဝင်ရောက်လာပြီဖြစ်ပြီး ၎င်းအခြေခံစားသောက်ကုန် များကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှတဆင့် ရခိုင်ပြည်နယ်ထိ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းတန်ဖိုး ၏ ခုနှစ်ရာခိုင်နှုန်းကို ပလက်ဝ-မီဇိုရမ်နယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)ဂိတ်တွင် အခွန်ပေးဆောင်ရကြောင်း ဒေသခံများထံက သိရသည်။

##ပလက်ဝမြို့နယ် #အိန္ဒိယနိုင်ငံ #မီဇိုရမ်ပြည်နယ် #အခြေခံစားသောက်ကုန် #ရှင်းလက်ဝ #ရက္ခိုင့်တပ်တော် #AA #Ayeyarwaddy_Times