ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

မြန်မာ – တရုတ်နယ်စပ် ရှမ်းပြည်နယ်( မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ချင်းရွှေဟော်ဂိတ်နှင့် မူဆယ်ခရိုင်၊ ပန်ဆိုင်( ကြူကုတ်) မြို့နယ်ရှိ ဝမ်တိန်ဂိတ်ကို ကိုးကန့်တပ်မတော် MNDAA က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ချင်းရွှေဟော်ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့ကို ကိုးကန့်တပ်မတော် (ခေါ်) မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခဲ့သည် ၃၅ နှစ်ပြည့် မတ်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့က ဖွင့်လှစ်ကြောင်း သတင်းဌာနအချို့ကို MNDAA တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက အတည်ပြုပြောကြားလိုက်သည်။

ဟိုင်ဂင်သဘောတူညီချက်အရ စစ်ကောင်စီနှင့် MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် ရှမ်းမြောက်ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲသွားမည်ဖြစ်သည်။

ထို့ပြင် တရုတ် – မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်ဖွင့်နိုင်ရေးအပါအဝင် နယ်စပ်တည်ငြိမ်ရေးနှင့် မြောက်ပိုင်းဒေသအတွင်း ပြည်သူများစစ်ဘေးဒဏ်လွတ် မြောက်ရေးလုပ်ဆောင်မည်ဖြစ်ကြောင်း MNDAA က ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် နယ်စပ်ဂိတ် နှစ် ခုကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီကမူ နယ်စပ်ဂိတ်များစီမံခန့်ခွဲရေးအပါအဝင် ကုန်သွယ်မှုတို့သည် နှစ်နိုင်ငံ အစိုးရများ၏စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး တရုတ် – မြန်မာအစိုးရအနေဖြင့် နှစ်နိုင်ငံ အကျိုးစီးပွားကိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

လက်ရှိ လောက်ကိုင်မြို့တွင် ကားဂိတ်၊ စားသောက်ဆိုင်နှင့် ကုန်ပစ္စည်းအရောင်း ဆိုင်စသည့် စီးပွားရေးလုပ်ငန်းအချို့ပြန်လည်ဖွင့်လှစ်နေကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

အဆိုပါနယ်စပ်ဂိတ်များတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ MNDAA တပ်ပူးပေါင်းထားရှိမည်ဖြစ်ပြီး ကုန်သွယ်ခွန်ကောက်ခံရာတွင် မဟာမိတ်သုံးဖွဲ့က ၇၀ ရာခိုင်နှုန်း၊ စစ်ကောင်စီ၏ အကောက် ခွန်ဌာနက ၃၀ ရာခိုင်နှုန်းရယူရန် ဆွေးနွေးထားကြောင်း သိရှိရသော်လည်း တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။

ရှမ်းပြည်နယ် ( မြောက်ပိုင်း) တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့သည် အောက်တိုဘာ ၂၇ ရက်နေ့ “၁၀၂၇ စစ်ဆင်ရေး” ကို ကိုးကန့်အိမ်ပြန်ခရီး အဖြစ်သတ်မှတ်ကာ ချင်းရွှေဟော်၊ လောက်ကိုင်မြို့များကိုသိမ်းပိုက်ပြီးနောက်တွင် MNDAA က ရှမ်းပြည်နယ်အထူးဒေသ (၁) တစ်ခုလုံးကိုထိန်းချုပ်ထားပြီဖြစ်သည်။

ဓာတ်ပုံ – The Kokang
#ချင်းရွှေဟော်နယ်စပ်ဂိတ် #ဝမ်တိန်ဂိတ် #ပြန်ဖွင့် #MNDAA #ထိန်းချုပ် #Ayeyarwaddy_Times