
ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မတ် ၁၃ ရက်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဒေသခံပြည်သူများက ဘိန်းစိုက်ပျိုးမှု ပိုမိုလုပ်ကိုင်လာကြပြီး ဘိန်းစိုက်ပျိုးမှုကို တားဆီးပိတ်ပင်ရန် ခက်ခဲနေသည့်အတွက် တော်လှန်ရေးကာလပြီးဆုံးမှသာ ထိရောက်စွာ တားဆီးပိတ်ပင်နိုင် မည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံမှ သိရသည်။
“ဘိန်းစိုက်ပျိုးမှုက မကောင်းမှန်းသိတယ်။ ဒါပေမယ့်တော်လှန်ရေးအောင်မြင်တဲ့ နေ့တနေ့ကျရင် ဘိန်းခင်းစိုက်ပျိုးမှုက အမြစ်ပြတ်တဲ့အထိ ကျွန်တော်တို့က ချေမှုန်းတိုက်ဖျက်ဖို့ အစီအစဉ်ရှိတယ်။လောလောဆယ် ဘိန်းစိုက်ပျိုးမှု၊ ဖမ်းဆီးမှု၊ ပိတ်ပင်မှုအစီအစဉ်မလုပ်နိုင်သေးဘူး” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးနှင့် ပြောခွင့်ရဆလိုင်းထန်ဆွင်းမုန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
တွန်းဇံမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုအစား အခြားသီးနှံအစားထိုးမှုများပြုလုပ်ပေးရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က စီစဉ် ဆောင်ရွက်လျက်ရှိပြီး ဝဉနှင့် ထောပတ်ပင်တို့ကို စီးပွါးဖြစ် အစားထိုးစိုက်ပျိုးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဟု သိရသည်။
“တော်လှန်ရေးအောင်ပြီးတာနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းကို ထိရောက်စွာ တားဆီးမယ်။ ဘိန်းစိုက်ပျိုးမှုကို အစားထိုးသီးနှံရရှိပြီး ကူညီနိုင်မှ တားဆီးနိုင်မယ်လို့ ပြည်သူလူထုကို သတင်းပါးပါရစေ” ဟု ဆလိုင်းထန်ဆွင်းမုန်က ဆက်လက်ပြောဆိုသည်။
ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)အနေဖြင့် ဘိန်းစိုက်တောင်သူများထံ အခွန်ကောက်ခံခြင်းမရှိသလို ဘိန်းစိုက်မှုများကို အားပေးခြင်းမရှိကြောင်းနှင့် စစ်ကောင်စီ၏ အစပျိုးမှုကြောင့် လက်ရှိတွန်းဇံမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုတွင်ကျယ်လာခြင်းဖြစ်သည်။
ယခင်အစိုးရလက်ထက်တွင် ဘိန်းစိုက်ခင်းတစ်ဧကခန့်ကို တောင်/မြောက်ရူးထောင့်အမျိုးမျိုးမှ ဓာတ်ပုံရိုက်၍ ဘိန်းစိုက်ခင်းဖျက်ဆီးနေကြောင်း သတင်းအမှားများ ဖြန့်ဝေပြီး လက်တွေ့တွင် ဘိန်းစိုက်တောင်သူများထံ အခွန်အခများကောက်ခံခြင်းများကြောင့် လက်ရှိတွင် တားဆီးပင်ပိတ်ရန် ပိုမိုခက်ခဲလာခြင်းဖြစ်သည်။
တွန်းဇံမြို့နယ်၊ ဒေသခံပြည်သူ လေးပုံ/သုံးပုံခန့်က ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင်ကြပြီး အိန္ဒိယနိုင်ငံဘက်မှ အဓိကဝယ်ယူကြောင်းသိရသည်။
Photo-တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်း(ပုံဟောင်း)
#တွန်းဇံမြို့နယ် #ဘိန်းစိုက်ပျိုး#ပိတ်ပင်တားဆီးရန်ခက်ခဲ #ချင်းကာကွယ်ရေးတပ်ဖွဲ့ #တွန်းဇံ #Ayeyarwaddy_Times