ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ မတ် ၁၂ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဖားဆောင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်မှ စတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ဖားဆောင်းမြို့နယ်အတွင်းရှိ အရေးပါ သည့်စခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များမှာ အထိုင်ချခုခံနေသည့် သံလွင်တံတား(ဖားဆောင်း)ထိပ်ရှိ စစ်ကောင်စီအထိုင်စခန်းနှင့် ဖားဆောင်းမြို့စွန်ရှိစေတီကုန်းစခန်းတို့ကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စစ်ကောင်စီစခန်းနှစ်ခုမှ သေနတ် ၁၇ လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ထုတ်ပြန်ထားသည်။

“သံလွင်မြစ်ကူးတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သိမ်းလိုက်ပြီး ဗျူဟာအရ အရေးပါတဲ့ မြို့အစွန်မှာရှိတဲ့စေတီကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထား တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ မြို့တွင်းမှာ ဖြန့်ထားတဲ့ သူတို့ရဲ့ လှုပ်ရှား‌တပ်တွေ၊ စခန်းကုန်းတွေကနေ ဆုတ်ခွာပြီးတော့ သူတို့ရဲ့အခြေစိုက် တပ်ရင်း တွေထဲ ပြန်ပြီးဆုတ်ခွာရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ မြို့ထဲကိုတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိတယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖားဆောင်းမြို့ပေါ်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရသတ္တပတ် နှစ်ပတ် နီးပါးကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ဖားဆောင်းရဲစခန်းကို ‌ကရင်နီ‌တော်လှန်‌ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း ဆိုထားသော်လည်း အသေးစိတ် ကိုမူ ဧရာဝတီတိုင်းမ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖားဆောင်းတွင် ပြီးခဲ့သည့် မတ် ၃ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ငါး ဦးနှင့်အထက် သေဆုံးခဲ့သည့်အပြင် ဖားဆောင်း တိုက်ပွဲအတွင်း မီးလောင်ဗုံးများဖြင့်ကြဲချ တိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့ပေါ် ရပ်ကွက် အများစုမှ ဒေသခံနေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဖားဆောင်း #ကရင်နီ #စခန်းသိမ်းပိုက်ရရှိ #စစ်ကောင်စီသေဆုံး #စေတီကုန်းစခန်း #Ayeyarwaddy_Times