ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော် (AA) ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားကြကြောင်း သိရသည်။

အောင်သပြေနယ်ခြားစောင့်စခန်းမှ စခန်းစွန့်ထွက်ပြေးလာကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် AA တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီခန့်က တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မတ်လ ၁၁ရက်နေ့တွင်လည်း AA ၏ ဖြတ်တောက် ဝိုင်းရံပိတ်ဆို့ထားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် (AA) မှ အဆိုပါစစ်ကြောင်းများကို လိုက်လံချေမှုန်း တိုက်ခိုက် သောကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

မတ်လ ၁၁ရက်နေ့က နယ်စပ်တွင် ပုန်းအောင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၉ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာ Dhaka Tribune ကရေးသားထားသည်။

အစာရေစာပြတ်လပ်ကာ အခြားအခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်သားများကို အင်တာရှာလီ နယ်စပ်အနီး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် BGB အရာရှိတစ်ဦးက ဆိုထားသည်။

အဆိုပါ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၉ ဦးသည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ထံခိုလှုံခဲ့ကြောင်း ပြန်ကြားရေးအရာရှိ ရှာရီဖူအစ္စလာမ်က ၎င်းတို့ပိုင် မီဒီယာများထံ အတည်ပြု ပြောကြားထားသည်။

ရက္ခိုင့်တပ်တော် (AA) က မြန်မာနိုင်ငံနယ်စပ်မှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်ရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စစ်ဆေးနေသည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်နေ့မှ ဖေဖော်ဝါရီ ၇ရက်အတွင်း ဖြစ်ပွားခဲ့သည့် မောင်တောရှိ တောင်ပြိုလက်ဝဲနှင့် တောင်ပြိုလက်ယာ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ထွက်ပြေးခဲ့ကြသည်။

ထိုသို့ ထွက်ပြေးသွားသူများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ သင်္ဘောဖြင့်ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ပုံစာ- မတ်လ ၁၁ရက်နေ့တွင် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

#မောင်တော #အောင်သပြေနယ်ခြားစောင့်စခန်း #စစ်ကောင်စီတပ်ဖွဲ့ဝင်၂၉ဦး #စခန်းစွန့်ခွာ #ဘင်္ဂလားဒေ့ရှ် #နယ်စပ်ဖြတ်ကျော်ပြေး #Ayeyarwaddy_Times