မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၂ ရက်

တပ်ရင်းမှူး အဆင့်ရှိသည့် ဒုတိယဗိုလ်မှူးကြီးများကို စစ်နည်းဗျူဟာသင်ကြားပေးရသည့် ကလောမြို့ စစ်ဦးစီးတက္ကသိုလ်(ဥစတ)မှ နည်းပြဖြစ်သူ ဒုတိယဗိုလ်မှူးကြီး အောင်ကို၀င်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

ရှမ်းတောင်၊ ဖယ်ခုံဒေသတွင် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့် က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်ခဲ့သည့် ဒရုန်းဗုံးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဗုံးထိမှန် သေဆုံးခဲ့သည့် ဒုတိယဗိုလ်မှူးကြီး အောင်ကို၀င်းသည် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများကို စစ်နည်းဗျူဟာများ သင်ကြားပေးရသည့် စစ်ဦးစီးတက္ကသိုလ်(ဥစတ)မှ နည်းပြဖြစ်ပြီး DSA အပတ်စဉ် ၄၃ ဆင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ဒုဗိုလ်မှူးကြီးအောင်ကို၀င်းက အင်အား ၆၀ လောက်ကိုခေါ်ပြီး ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးတာ၊ ဒရုန်း ဗုံးထိလို့ ‌ပြန်ခေါ်လာပြီးနောက်နေ့ပဲ ဆုံးသွားတယ်။ အခုက စစ်မတိုက်ဖူးတဲ့ သင်ကြားရေးဘက်ကလူတွေကိုပါ ရှေ့တန်းကိုပို့‌ပြီး တိုက်ခိုင်းနေတာ။ စစ်မတိုက်ဖူးတဲ့ ရင်းမှူးတွေလည်း ရှေ့တန်းရောက်ကုန်ပြီ”ဟု စစ်သင်တန်းကျောင်းနှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်ကလည်း စစ်ဦးစီးတက္ကသိုလ်(ဥစတ)မှ တပ်ရင်းမှူး ၂၄၆ ယောက်ကို သင်တန်းဆင်းပေး၍ စစ်ဦးစီးမှူး ပထမတန်း (G1) ရာထူးတိုးပေးကာ စစ်ရေးပြင်းထန်‌နေသည့် နယ်မြေများသို့ ပြောင်းရွှေ့ခဲ့သည်။

၎င်းတို့ကို စစ်ရေးပြင်းထန်နေသည့် ရခိုင်၊ တနင်္သာရီနှင့် ကရင်နီ ပြည်နယ်များသို့ စစ်ကောင်စီက တပ်မ (၅၅) လက်အောက်ခံ ခမရ-၅၁၂ (တီကျစ်)မှ ဒုဗိုလ်မှူး ကြီး ၀ဏ္ဏစိုးကို ကော့ကရိတ်ရှိ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) သို့ပြောင်း ရွှေ့ခဲ့ပြီး ဒုဗိုလ်မှူးကြီးအောင်ဇော်မင်းကို တပ်မ (၁၁) လက်အောက်ခံ ခမရ-၂၁၁ (အင်းတိုင်)မှ လွိုင်ကော်ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) သို့ ရာထူးတိုးပြောင်း ရွှေ့ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ လက်အောက်ခံ ခမရ ၃၈၄ (ဆားမှော်)မှ ဒုဗိုလ်မှူး ကြီး လှမိုးကို စစ်တွေဒကစသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

တပ်မ (၇၇) ၊ တပ်မ (၅၅)၊ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးများကိုလည်း ရခိုင်ပြည်နယ်ရှိ တောင်ကုတ်၊ အမ်း၊ စစ်တွေမြို့များသို့ ပြောင်းရွှေ့ပေးပြီး ကရင်နီရှိ လွိုင်ကော်မြို့သို့လည်း ရာထူးတိုးရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#စစ်ဦးစီးတက္ကသိုလ် #ကလောဥစတ #G1 #နည်းပြ #ဒုဗိုလ်မှူးကြီးအောင်ကို၀င်း #ဖယ်ခုံ #ဒရုန်းဗုံးထိမှန် #သေဆုံး #Ayeyarwaddy_Times