ဧရာဝတီတိုင်းမ်
မတ် ၁၂ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အင်လုံခပြည်သူ့စစ်စခန်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်လာသည့်အတွက် KIA တပ်များ ‌စခန်းမှ ခေတ္တဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ မတ် ၁၁ရက်နေ့က အောင်မြေ (၁) ၊ အင်လုံခတံတားအနီးရှိ အင်လုံခပြည်သူ့စစ်စခန်းကို အင်အား ၅၀၀ ခန့်သုံး၍ ပြန်လည်တိုက်ခိုက်လာရာ အောင်မြေ (၂) ကျေးရွာရှိ ပြည်သူများ ပိတ်မိနေကြသည့်အပြင် အင်အားကွာခြားချက်နှင့် ပြည်သူများ၏ လေကြောင်း အန္တရာယ်တို့ကြောင့် KIA တပ်ဖွဲ့များသည် အဆိုပါစခန်းမှ မတ် ၁၁ရက် ညပိုင်းတွင် ခေတ္တဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မြစ်ကြီးနား လေတပ်စခန်းနှင့် နီးကပ်ပြီး စစ်ရေးအရ အချက်အခြာကျသည့် နေရာတွင်ရှိသော အင်လုံခပြည်သူ့စစ်စခန်းကို ပြန်လည်ရရှိရေးအတွက် ယမန်နေ့ မတ် ၁၁ရက်နေ့ တစ်ရက်လုံး Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ ဗုံးအလုံးပေါင်းများစွာ ကြဲချ၍ မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူထံက သိရသည်။

ထိုသို့ စစ်ကောင်စီက မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်ရှိ အောင်မြေ ၂ကျေးရွာမှ ပြည်သူ ၉၀၀ကျော် ပိတ်မိနေခဲ့ကြောင်း သိရသည်။

အောင်မြေ (၂) ကျေးရွာမှ တာဝန်ရှိသူများက ပြည်သူများကို ထွက်ခွာခွင့်ပြုရန် စစ်ကောင်စီထံ သွားရောက်ညှိနှိုင်းသော်လည်း လက်မခံဘဲ မြစ်ကြီးနားမြို့နယ်၊ ကြက်ပေါင်ခြံရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်းအတွင်းမှ နေ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

“ကျေးရွာ အကြီးပိုင်းတွေက ရွာမှာရှိတဲ့ ပြည်သူတွေရှောင်တိမ်းဖို့အတွက် ၂နာရီလောက် တိုက်ပွဲခဏနားပေးဖို့ ညှိနှိုင်းတာကို စစ်ကောင်စီက လက်မခံဘူး။ ကျေးရွာထဲပိတ်မိနေသူတွေက အဓိက ရေနဲ့ အစားအစာမရတာပေါ့” ဟု အောင်မြေ (၂) ကျေးရွာရှိ ဒေသခံများနှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ် ၇ ရက်နေ့က အောင်မြေ (၁)ကျေးရွာရှိ လီဆူးအမျိုးသားပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ အင်လုံခ ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်သည့်နေ့တွင်ပင် လီဆူးပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလိုက်ပါလာသည့်ကား တိုက်ခိုက်ခံရကာ ဦးရွှေမင်းသေဆုံးခဲ့ပြီး မတ် ၈ ရက်နေ့တွင် KIA စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ယမန်နေ့ မတ် ၁၁ ရက်နေ့က ကျေးရွာများရှိပြည်သူများကို အထွက်မခံဘဲ ပိတ်ဆို့တိုက်ခိုက်လာသောကြောင့် KIA တပ်ဖွဲ့များ စခန်းမှ ဆုတ်ခွာပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ- အောင်မြေ (၂ ) ကျေးရွာမှ စစ်ရှောင်ပြည်သူများ
#ဝိုင်းမော်မြို့နယ် #အင်လုံခပြည်သူ့စစ်စခန်း #စစ်ကောင်စီ #ပြန်လည်တိုက်ခိုက် #KIA #ခေတ္တဆုတ်ခွာ #Ayeyarwaddy_Times