
ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ လဟာဂမုံကျေးရွာအုပ်စု၊ စစ္စရံကြိုးဝိုင်း၊ ဟိုင်းချောင်း အနီးတွင် မတ်လ၈ရက်နေ့က ဆင်မုဆိုးများပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့်သေဆုံးနေသောတောဆင်ရိုင်းတစ်ကောင်တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
သေဆုံးသွားသော ဆင်မှာအထီးဖြစ်ပြီးအသက်၂၅နှစ်အရွယ်အမြင့် ၆ပေ၈လက်မရှိကာ ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး ဆင်မုဆိုးများကနှာမောင်းနှင့်အစွယ်ကို ဖြတ်ယူသွားကြောင်း သစ်တောဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။
” ဆင်ရဲ့ ဦးကင်းမှာ ဖောက်၀င်ဒဏ်ရာတစ်ချက်နဲ့ လွန်ခဲ့တဲ့ ၅ရက်ကသေဆုံးနေပြီး ပုပ်တောင်နေပါပြီ ဆင်မုဆိုးတွေလက်ချက်ပဲ”ဟုပုသိမ်ခရိုင် သစ်တောဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသော တောဆင်ရိုင်းကို သစ်တော ဦးစီး တာ၀န်ရှိသူများမှ စစ်ဆေးခဲ့ပြီး နောက် မီးရိူ့ ဖျက်ဆီးလိုက်ကြောင်းသိရှိရပြီး ဇီဝမျိုးစုံ မျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၊၄၁(က) ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
ဧရာ၀တီတိုင်း ပုသိမ်ခရိုင်တွင် ၂၀၂၄ခုနှစ်အတွင်း ဒုတိယအကြိမ်တောဆင်ရိုင်းအသတ်ခံရခြင်းဖြစ်ပြီး ပြိီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်နေ့ကလည်း သာပေါင်းမြို့နယ်၊ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ကျောက်ချောင်းကြီး ကြိုးပြင်တောတွင် အသက်၄၀ နှစ်အရွယ် စွယ်စုံ ဆင်ထီးတစ်ကောင် အသတ်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်အတွင်းကလည်း ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်များတွင် ရောဂါနှင့်သေဆုံးသော တောဆင်ရိုင်း ခြောက်ကောင်နှင့် ဆင် မုဆိုးများကြောင့် သေဆုံးသောတောဆင်ရိုင်း ကိုးကောင်အထိရှိကြောင်း သစ်တောဦးစီးဌာနမှတ်တမ်းများအရသိရှိရသည်။
ယခင်က ဧရာ၀တီတိုင်းတွင် ဆင်သတ်မုဆိုးများကို မကြာခဏ ဖမ်းဆီးမိသော်လည်းစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရန် သစ်တောရဲများ ကင်းလှည့်ခြင်းအလုပ်ကို မလုပ်တော့သည့်အတွက် တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ဒေသခံများကပြောသည်။
#သာပေါင်းမြို့နယ် #ဆင်မုဆိုး #ဆင်ရိုင်းတစ်ကောင်သေဆုံး #Ayeyarwaddy_Times