ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

စစ်ကောင်စီက ကုန်ပစ္စည်းများတင်သွင်းမှုကို ထိန်းချုပ်ထားသဖြင့် တရားမဝင် ကုန်ပစ္စည်းတင်သွင်းမှု များပြားလာပြီး စစ်ကောင်စီဖမ်းဆီးခဲ့သည့် ကုန်ပစ္စည်းများတွင် ကုန်ကြမ်းပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ အများအပြားပါဝင်နေကြောင်း သိရသည်။

ယခုမတ်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် ကုန်ပစ္စည်းများတွင် ပြည်သူများအတွက်လိုအပ်သည့် အိမ်သုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအချို့ပါဝင်ပြီး ကာလတန်ဖိုး ကျပ်သန်း ၂ ဘီလီယံ ကျော်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ကုန်ပစ္စည်းများတွင် Balloon ချိုချည်ထုပ် ၄၅၀ ထုပ်၊ Yacht ပေါင်မုန့် ဂျုံ ဂရမ် ၁၀၀၀ ပါ အိတ် ၄၀၊ Lipo – vitan D အချိုရည်ပုလင်း ၃၅,၀၀၀ ၊ Smart အမွှေးဆီထုပ် ၂,၄၀၀၊ Balloon Candy ချိုချဉ် ထုပ် ၁၆,၅၀၀၊ Lactasoy ပဲနို့ဘူး ၁၂,၀၀၀ ခု၊ ထိုင်းနိုင်ငံထုတ် မက်မွန်သီးထုပ် ၂,၇၄၀ ၊ တရုတ်စာသားတံဆိပ်ပါ အချိုရည် ထုပ် ၆၂၀ အပါအဝင်စားသောက်ကုန်များပါဝင်ကြောင်းသိရသည်။

ထို့ပြင် Detergent ဆပ်ပြာ မှုန့်ထုပ် ၂,၄၀၀ နှင့် Crystal One Piece Toilet ( ဗိုလ်ထိုင်အိမ်သာခွက်) ၁၇ ခုနှင့် အမျိုးသမီးအဝတ်အထည်များ လျှပ်စစ်ပစ္စည်း ဖုန်းအားသွင်းကြိုးများ လုပ်ငန်းသုံး chemical အရည်ပုံးများ ယာဉ်အပိုပစ္စည်းများ ဖမ်းဆီးရမိကြောင်းသိရသည်။

လက်ရှိ ဈေးကွက်တွင် ဟင်းခတ်အမွှေးအကြိုင်၊ ခနောကြက်သားမှုန့်စသည့် ပစ္စည်းများပြတ်နေပြီး ထိုင်းနိုင်ငံမှ တင်သွင်းသော စားသုံးကုန်ပစ္စည်းများဈေးတက်နေ ကြောင်း ရန်ကုန်မြို့ခံ များထံက သိရသည်။

“ စစ်ပွဲတွေနဲ့ ကုန်သွင်းတဲ့လမ်းကြောင်းတဲ့မကောင်းတော့ ထိုင်းကကုန်တွေဈေး တက် တယ်။ ခနောကြက်သားမှုန့်ဆို သုံးပတ်လောက်ရှိပြီပစ္စည်းပြတ်နေတာ။ အောက်လမ်းက နေပဲ ကုန်သည်တွေ အရဲစွန့်သွင်းကြတယ်လို့ကြားတယ် ” အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် သွင်းကုန်ပစ္စည်းများကို ပိတ်ပင်ထားသဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းသည့် တရားမဝင်ကုန်သွယ်မှုဖြစ်လားပြီး ယင်းတို့အနက် ၃၀ ရာခိုင်နှုန်းမှာ ကုန်ပစ္စည်းကျသင့်ငွေတန်ဖိုး အောက်လျော့ နည်းဖော်ပြခြင်း၊ ၁၀ ရာခိုင်နှုန်းတွင် တရားဝင်နှင့် တရားမဝင်အပြိုင်တင်သွင်းမှုများဖြစ်ကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဥက္ကဌနေရာယူထားသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီထံက သိရသည်။

ယခုဘဏ္ဍာနှစ် ၂၀၂၃ – ၂၀၂၄ ခုနှစ်မကုန်ခင်အထိ စစ်ကောင်စီလိုင်စင်ချပေးရာတွင် စက်သုံးဆီတင်သွင်းခြင်း၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးပစ္စည်းများသာပါဝင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#တရားမဝင်ကုန်သွယ်မှုများ #အိမ်သုံးပစ္စည်း #စားသောက်ကုန်များ #လိုင်စင်ပိတ် #Ayeyarwaddy_Times