အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာန်လုံကျေးရွာတွင် မိုင်းမတော်တဆ ပေါက်ကွဲမူဖြစ်ပြီး ကလေးငယ် နှစ်ဦး သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဟားခါးမြို့နယ်၊ ဘွာန်လုံကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ချင်းလဲန်းကာကွယ်ရေးတပ်မှ ကားတစ်စီးသည် ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ၎င်းတို့ပါလာသည့် ကားပေါ်မှ မိုင်းများကို ကလေးများက ဆော့ကစားရာမှ မတော်တဆ ပေါက်ကွဲမူဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

“ကားထဲလိုက်ပါလာတဲ့ CDF တွေဟာ ရွာထဲက လူတွေနဲ့ စကားပြောနေတုန်းမှာ ကလေးတွေက ကားပေါ်တက်ပြီး ဆော့နေကြတာ။ ခဏအကြာမှာတော့ ကားထဲက မိုင်းကို သွားဆော့မိရာကနေ အခုလို ပေါက်ကွဲမူ ဖြစ်ပွားခဲ့တာ ဖြစ်တယ်။ ကလေးနှစ်ယောက်က သေသွားတယ်။ ဒဏ်ရာရတဲ့လူနာတွေထဲမှာ လက်ကျိုးသွားတဲ့ လူတွေရှိသလို ခေါင်း၊ နောက်ကျော့ဘက် မိုင်းစထိမှန်တဲ့ လူနာတွေ ရှိတယ်။ အခုသူတို့တွေကို ဆေးရုံမှာ ဆေးကုမူ ခံယူနေ​ကြတယ် ” ဟု ဘွာန်လုံကျေးရွာနေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းမတော်တဆမူကြောင့် သေဆုံးသွားသည့် ကလေး နှစ်ဦးသည် အသက် ခုနှစ်နှစ် အရွယ် ဆလိုင်းထဘိခ့်ထောင်း နှင့် အသက် ၁၃ နှစ်အရွယ် ဆလိုင်း ဗန်ဗျက်ကျုံး တို့ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသည့် လူနာ လေးဦးသည် ဆေးရုံတွင် ဆေးကုသမူ ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း တီးတိန်မြို့ စကောလမ်းရပ်ကွက်နှင့်မြို့မရပ်ကွက်ကြားတွင် ဗုံးတစ်လုံးပေါက်ကွဲမူကြောင့် အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် မိခင်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသည်။

ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးကာလ သုံးနှစ်အတွင်း အရပ်သား ကလေးငယ်အပါဝင် စုစုပေါင်း ၄၄၅ ဦး အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့တွင် ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ပုံ- မိုင်းမတော်တဆပေါက်ကွဲမူကြောင့် သေဆုံးသွားသည့် ကလေးနှစ်ဦး။
#ချင်းပြည် #ဟားခါး #မိုင်းမတော်တဆ #ပေါက်ကွဲမူ #ကလေးနှစ်ဦးသေဆုံး #Ayeyarwaddy_Times