နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ပင်လျမ်းရွာကို လက်နက်ကြီးများ၊ မီးလောင်ဗုံးများဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ထားပြီး စစ်ကောင်စီက ငြင်းဆိုခဲ့သည်။

စစ်ကောင်စီသည် ပင်လျမ်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ PNLA မှ တပ်စွဲထား ခြင်းမရှိဘဲ မတ် ၁၀ ရက်နေ့က ဒုတိယအကြိမ် မီးလောင်းဗုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်ဟု PNLA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီက ယနေ့ မတ် ၁၂ ရက်နေ့ထုတ် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများမှတဆင့် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“မီးလောင်တဲ့ အခြေအနေကတော့ အိမ်ခြေတော်တော်များများ၊ အနည်းဆုံးအိမ်ခြေ ၃၀ လောက် ပါသွားတယ်လို့ သိရတယ်။ အသေးစိတ် အတိအကျကတော့ မသိရသေးဘူး။ နောက်ပြီး စစ်ကောင်စီက ငြင်းတာကတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း၊ အကျင့် အတိုင်းပါပဲ။ လူထုကို သတ်ပြီးမှ ဗြောင်လိမ်ဗြောင်ငြင်းတယ်ဆိုတာ စစ်ကောင်စီရဲ့ လုပ်နေကျပုံစံပဲ ဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ပင်လျမ်းရွာရှိ ဘုန်းကြီးကျောင်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယင်းဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့သည်။

ဆီဆိုင်မြို့တွင်လည်း မတ် ၆ ရက်နေ့က ဒရုန်းဖြင့် ဓာတု အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် PNLA ရဲဘော်များနှင့် ပြည်သူအချို့ ရူရှိုက်မိ၍ အရေပြား ယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်ဆန်ခြင်း၊ မအီမသာ ခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းများစသည့် လက္ခဏာများကို ပုံစံတူ ခံစားခဲ့ရကြောင်း သိရသည်။

ထို့အတူ မတ် ၁၀ ရက်၌ပင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ စအွန်တောင်ကြော တွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ၁၂၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ထံက သိရသည်။

ယင်းနေ့ တစ်ရက်အတွင်း ဆီဆိုင်မြို့မြောက်ဘက်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့် PNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး အထိနာသော စစ်ကောင်စီသည် မြို့အတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ ၁၀၈ ကြိမ် တိုက်ခိုက်မှုအပြင် ဂျက်ဖိုက်တာဖြင့်လည်း ၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီက တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့တွင်းရှိ ဒေသခံ နေအိမ် ၁၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇာဝတ်မှုများကိုလည်း ပေါ်ပေါ်တင်တင် ကျူးလွန်လျက်ရှိကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကောင်စီဟာ နောက်ပိုင်းမှာ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အဲလိုမျိုးတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာတွေက ပိုများလာတယ်ပေါ့နော်။ နောက်ပြီး မီးလောင်ဗုံးတွေနဲ့ ရွာတွေကို ဗုံးကြဲတာတွေ ရှိတယ်ပေါ့” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီက အပြင်းထန်ဆုံး၊ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး နည်းများဖြင့် ပြည်သူများကို တိုက်ခိုက် သတ်ဖြတ်နေသည်ကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများက ယခုအချိန်ထိ အကြီးအကျယ်တာဝန်မဲ့၊ တာဝန်ပျက်ကွက်နေသည်မှာ အလွန်ပင် ရှက်စရာဖြစ်ကြောင်း PNLA က ထုတ်ပြန်ပြောဆိုသည်။

ယင်းအပြင် စစ်ရာဇဝတ်မှုကို အလွယ်တကူ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီကို ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘ့ာနိုင်ငံများအနေဖြင့် အပြောမဟုတ်ပဲ လက်တွေ့ ထိထိရောက်ရောက် အရေးယူရန် လိုအပ်ပါသည်ဟု PNLA က ဖော်ပြထားသည်။
ဓာတ်ပုံ- PNLA
#စစ်ကောင်စီ #မီးလောင်ဗုံးများ #ဗုံးကြဲတိုက်ခိုက် #ပင်လျမ်းရွာ #အိမ်များ မီးလောင်ပျက်စီး #ငြင်းဆို #Ayeyarwaddy_Times