
ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
စစ်ကောင်စီအာဏာ သိမ်းထားသည့် ၃ နှစ်တာ ကာလအတွင်း စစ်မက်ဖြစ်ပွားရာနေရာများအပါအဝင် နေရာအများအပြားတွင် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲဖြေဆိုသူ ၅၀ ရာခိုင်နှုန်းနီးပါး လျော့ကျလာပြီး စာမေးပွဲမေးခွန်းလွှာ ကွဲပြားမှုများရှိကြောင်းသိရသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ – ၂၀၂၂ ခုနှစ် ပညာသင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၂၈၁,၇၅၁ ဦး၊ ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင်လူဦးရေ ၁၇၉,၈၄၃ ဦး နှင့် ယခု ၂၀၂၃ – ၂၀၂၄ ခုနှစ် စာဖြေသူ ၁၂၈,၈၀၁ ရှိ၍ အခြေခံပညာရေး အဆင့်စာမေးပွဲဖြေဆိုသူ တဖြည်းဖြည်းလျော့ကျလာသည်ကို တွေ့ရသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် ပညာရေးစနစ်သစ်၊ သင်ရိုးသစ်၏ တက္ကသိုလ်ဝင်တန်း ( Grade 12) စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ၁၄၆, ၅၂၃ ဦးရှိရာမှ စာမေးပွဲဖြေသူ ၁၂၈,၈၀၁ ဦးရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။
စစ်မက်ဖြစ်ပွားဒေသ ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီ၏ စာစစ်ဌာနဖွင့်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်တွင် စာမေပွဲဖြေရန် ပျက်ကွက်သူ ၇၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၅၄ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ် ( မြောက်ပိုင်း) တွင် ၃၀ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီ၏ လက်ရှိတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် တိုင်းနှင့်ပြည်နယ်များအတွင်း နေရာဒေသအလိုက် မေးခွန်းကွာခြားမှုရှိပြီး တစ်နိုင်ငံလုံးတွင် မေးခွန်းလွှာကွဲပြားမှု ငါးစုံ အထိတွေ့ရကြောင်း Non CDM အထက်တန်းပြ ဆရာမတစ်ဦး ထံက သိရသည်။
“ ဆရာမတွေတောင် မနေ့က မေးခွန်းလွှာတွေတွေ့ပြီးတော့မှ သိရတယ်။ လုံးဝအံ့အားသင့်သွားတယ်။ ဆရာမတွေက မေးခွန်းတစ်စုံလို့ပဲသိထားတာ။ Grade-9 က ခရိုင်အဆင့်၊ Grade-5 က မြို့နယ်အဆင့်မို့လို့ မေးခွန်းတွေမတူဘူး။ ဒါပေမယ့် အခု Grade-12 က နိုင်ငံတော်အဆင့်ဖြစ်နေပြီး မေးခွန်း တွေက မတူဘူး” အထက်တန်းပြဆရာမတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကရင်ပြည်နယ် မြ၀တီမြို့နယ် ၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ပဲခူတိုင်း တောင်ငူမြို့နယ် နှင့် မန္တလေးတိုင်း တောင်သာမြို့နယ် တို့ရှိ မေးခွန်းလွှာများမှာ တူညီခြင်းမရှိဘဲ ကွဲပြားမှုများရှိကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် မြန်မာနိုင်ငံရှိ အခြေခံပညာရေးသင်ရိုးသစ်အတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး စနစ်ဟောင်းနှင့် စနစ်သစ်မှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုရခြင်းဖြစ်သည်။
ပြီးခဲ့သည့်အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၉ – ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၂၉၁၇၉၈ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှတ်တမ်းများအရသိရသည်။
စစ်တပ် အာဏာသိမ်းထားသည့် ကာလအတွင်း ပညာရေးစနစ် တဖြည်းဖြည်းယိုယွင်းလျက်ရှိကာ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားခွင့်များသည်လည်း အခြေအနေအမျိုးမျိုးကြောင့် ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ယခုနှစ် #စစ်ကောင်စီ #တက္ကသိုလ်ဝင်တန်းစာမေးပွဲ #ဖြေဆိုသူ #၅၀ရာခိုင်နှုန်းနီးပါးလျော့ကျ #စာမေးပွဲမေးခွန်းလွှာများ #ကွဲပြားနေ #Ayeyarwaddy_Times