
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သင်္ကန်းညီနောင် နှင့်လက်ခတ်တောင်အနီးတဝိုက်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ဖြတ်တောက်၍ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိမ်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ် အထိုင်ချနေထားသည့် ဖလူးစခန်းကို ယမန်နေ့ မတ် ၁၁ ရက်နေ့ညတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်၍ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။
“စစ်ကောင်စီတပ် အထိုင်ချနေတဲ့ ဖလူးစခန်းကို ၁၁ ရက်နေ့ ညအစောပိုင်းမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ပြီးတိုက်ခဲ့တာ။ အဓိက KNLA လက်အောက်ခံ ဖြစ်တဲ့ ကော်ဘရာ Column-2 နဲ့ VENOM စစ်ကြောင်းတို့က ဦးဆောင်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဖလူးစခန်းကို သိမ်းပိုက်နိုင် ခဲ့တာပါ” ဟု မြေပြင်ရှိ တော်လှန်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖလူး စခန်းကိုတိုက်ခိုက်ခံရပြီး ၁ နာရီကျော်အကြာတွင် မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းအထိလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခလျက်ရှိကြောင်း မြေပြင်ရှိ သတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီသည်ကရင်ပြည်နယ် တပ်မဟာ (၆) နယ်မြေအတွင်းရှိ ကျေးရွာများကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကတည်းက စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သင်္ကန်းညီနောင် အနီးတဝိုက်ရှိ စစ်ဘေးရှောင် အမျိုးသမီး လေးဦးအပါဝင် ဒေသခံပြည်သူ ၂၄ ဦးအထိ သေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရပြီး ဧရာ၀တီတိုင်းမ်အနေဖြင့် အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းလျက်ရှိသည်။
ပုံစာ-စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ်
#မြ၀တီမြို့အနီး #စစ်ကောင်စီ #အင်တာနက် #ဖုန်းလိုင်းများဖြတ် #လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက် #ဒေသခံသေဆုံးမှုများ #Ayeyarwaddy_Times