နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့အာဏာ တည်မြဲရေးနှင့် အကျိုးစီးပွားတို့အတွက် အမျိုးသမီးများကိုပါ အသုံးချသွားရန် စစ်ကောင်စီဝါဒဖြန့် သတင်းစာမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
အာဏာသိမ်းခဲ့ပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်မှုများနှင့် ကြုံတွေ့နေရသော စစ်ကောင်စီသည် ၎င်းတို့၏ တပ်အင်အား အရေးပေါ် လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းခိုင်းရန် ခေါ်ယူဦးမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် ပြီးခဲ့သည့် မတ် ၈ ရက်က ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် စစ်ခေါင်းဆောင် သဝဏ်လွှာတွင်မူ ၎င်းတို့အနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများစွာကို မြှင့်တင်ပေးရန် လိုအပ်သည်ဟုဆိုကာ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ၏ စွမ်းအား၊ အင်အားကို ရယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်၏ ပြောစကားသည် International Women’s Day ၏ ဆောင်ပုဒ်ကို လိုရာဆွဲ၍ ပြောခြင်းဖြစ်ပြီး ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် အမျိုးသမီးများကို အသုံးချသွားလိမ့်မည်ဖြစ်ကြောင်း အမျိုးသမီးမဟာမိတ် အင်အားစုအဖွဲ့ဝင် မချောစုစံက ပြောကြားသည်။
“အခုလက်ရှိ မြေပြင်မှာ ဆိုလို့ရှိရင်လည်း အမျိုးသမီးတွေအပေါ်မှာ ဖိနှိပ်မှုတွေကို စစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ၊ ပြီးတော့ အမျိုးသမီးတွေအပေါ်မှာ အသုံးချနေတာတွေလည်း မြင်တွေ့နေရတယ်။ အဲဒီတော့ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုတွေ လုပ်နေပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသမီးတွေရဲ့ စွမ်းအင်ကို အသုံးချမယ်ဆိုတာက တကယ်တမ်းတော့ စစ်တပ်အာဏာ တည်မြဲရေးအတွက် အမျိုးသမီးတွေပါမကျန် အားလုံးကို အသုံးချသွားမယ်လို့ မြင်ပါတယ်” ဟု အမျိုးသမီးမဟာမိတ် အင်အားစုအဖွဲ့ဝင် မချောစုစံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ မြန်မာအမျိုးသမီးများသည် မိသားစုအတွင်း၊ ရပ်ရွာလူမှု အဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင်ပါ အမျိုးသားများနှင့် တန်းတူအကျိုးပြုနိုင်သူများ ဖြစ်ကြကာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် အမျိုးသမီးများ၏ အင်အားကိုပါ ရယူပြီး လိုအပ်သည့် ကဏ္ဍများ၌ ပါဝင်ခွင့်ပေးရမည်ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။
စစ်ခေါင်းဆောင်က ထိုသို့ဆိုသော်လည်း လက်တွေ့တွင်မူ စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီနှင့် အပေါင်းအပါများသည် အမျိုးသမီးများအပါအဝင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ပြုလုပ်လာပြီး အဓမ္မကျင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီး အရေအတွက်သည်လည်း ၁၄ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ သတ်ဖြတ်နှိပ်စက်၊ ဖမ်းဆီး ခံရသည့်အထဲတွင် အမျိုးသမီး အများအပြား ပါဝင်နေပြီး ထိုအပေါ် ၎င်းလက်အောက်ခံ တရားရုံးများတွင် ခုခံချေပခွင့် ပေးထားခြင်းမရှိသကဲ့သို့ စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း CDM မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်အထိ သုံးနှစ်တာ ကာလအတွင်း နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးဦးရေ ၅၄၁၆ ဦးအထိ ရှိပြီး သတ်ဖြတ်ခံရသည့် အမျိုးသမီး ၈၁၀ ဦးအထိ ရှိကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသမီးများအပါအ၀င် ကလေးသူငယ်နှင့် ပြည်သူတရပ်လုံးက အထိတ် တလန့် စိုးရိမ်စိတ်များဖြင့် အမြဲခြောက်လှန့်ခံ နေထိုင်နေရပြီး ယခုစစ်ခေါင်းဆောင် ပြောစကားသည် လိမ်လည်လှည့်ဖျားပြောဆိုသည့် စကားလုံးသက်သက်သာ ဖြစ်သည်ဟု မော်လမြိုင် ဒေသခံ မအိအိခိုင်က ဆိုသည်။
“အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကိုရက်ရက်စက်စက် သတ်ဖြတ်မုဒိမ်းကျင့် အကြမ်းဖက်နေတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ပါးစပ်က အမျိုးသမီးတွေကို တန်ဖိုးထား ပြောဆိုတာဟာအယောင်ဆောင်ရုံ သက်သက်ထက် မပိုဘူး” ဟု မအိအိခိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #အာဏာတည်မြဲရေး #အမျိုးသမီးများအသုံးချ #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times