ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

လာမည့်ဘဏ္ဍာနှစ် ၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် စစ်မှုထမ်းဥပဒေအသုံးစရိတ်အပါဝင် နိုင်ငံခြား ငွေနှင့် မြန်မာငွေလဲလှယ်နှုန်းကွာဟချက်များနှင့်အခြားထောက်ပံ့စရိတ်များကြောင့် ဘတ်ဂျတ်လိုငွေနှင့် GDP အချိုး သုည ဒသမ ၀၂ ရာခိုင်နှုန်း မြင့်တက်ကြောင်း စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်က ပြောကြားသည်။

မတ်လ ၁၁ ရက်နေ့က ပြုလုပ်သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်းကွာဟချက်များ၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမည့်စရိတ်များကြောင့် ၂၀၂၃-၂၀၂၄ ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ တွင် လိုငွေ နှင့် GDP အချိုးသည် ၀ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဋိပက္ခဒေသများရှိ အချို့ဝန်ကြီးဌာနများတွင် ရရှိလာသည့်ဘဏ္ဍာငွေများကို အပြည့်အဝမသုံးစွဲနိုင်ဘဲ ပြန်လည်အပ်နှံရမှုများရှိကြောင်း သိရသည်။

ယင်းပြင် ဝန်ကြီးဌာနများအနေဖြင့် ရရှိသည့်ဘတ်ဂျက်ကို အကျိုးရှိထိရောက်အောင် သုံးစွဲရန်လိုအပ်ပြီး မသုံးစွဲနိုင်ပါက GDP လျော့ကျနိုင်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို နောက်ဆုံးအဆင့်အဖြစ် စိစစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်က ပြောဆိုထားသည်။

ဓာတ်ပုံ – MOI

#ဘတ်ဂျက်လိုငွေ #GDP #ပြည်သူ့စစ်မှုထမ်းဥပဒေ#ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း #Ayeyarwaddy_Times