
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စစ်ကောင်စီတပ်က လောင်းကစားဝိုင်းများနှင့် လက်ဝှေ့ပွဲများ ပြုလုပ်၍ စစ်တပ်ရံပုံငွေ ရှာဖွေနေကြောင်း ဒေသခံများထံက သိရသည်။
မအူပင်မြို့ပေါ်ရှိ လက်ဝှေ့ပွဲများကို ကျေးရွာ ၈၈ အုပ်စုနှင့် မြို့ပေါ် ၁၃ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများကို လက်မှတ် တစ်စောင်လျှင် ကျပ်ငွေ ၁၀၀၀၀ နှုန်းဖြင့် ရောင်းချခိုင်းထားပြီး ခနောင်ထော်ကျေးရွာတွင် ကြက်ဝိုင်း ဖဲဝိုင်းများကို အခကြေးငွေယူ၍ လုပ်ဆောင်ခိုင်းထားကြောင်း သိရသည်။
“မအူပင်မြို့မှာ လက်ရှိတာဝန်ကျနေတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ပို့ထားတဲ့ G1 အဆင့် ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကိုခေါ်ပြီး ရန်ပုံငွေ ရှာဖို့လုပ်ခိုင်းတာ။ အုပ်ချုပ်ရေးမှူး တစ်ယောက်ကို လက်ဝှေ့ပွဲ ရုံဝင်ကြေး လက်မှတ် အစောင် ၃၀ စီ မဖြစ်မနေ ရောင်းချပေးရမယ်လို့ ဖိအားပေးခိုင်းစေထားတယ်” ဟု ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၈၈ အုပ်စုနှင့် မြို့ပေါ်တွင်ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်ရှိပြီး ကျေးရွာနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများအားလုံးက အဆိုပါလက်မှတ်များကို မဖြစ်မနေ ကုန်အောင်ရောင်းချပေးရမည်ဖြစ်ကြောင်း သိရသည်။
“ကြက်ဝိုင်းနဲ့ ဖဲဝိုင်းတွေကိုတော့ မြို့ပေါ်မှာလုပ်ခိုင်းတာမဟုတ်ဘဲ မအူပင်မြို့ အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ-၂၇ နဲ့နီးတဲ့ ခနောင်တော်ကျေးရွာမှာ လုပ်ခိုင်းထားတာ။ ကြက်ဝိုင်း တစ်ဝိုင်းကို ကျပ်ငွေ သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ G1 နိုင်လွင်ကိုပေးဆောင်ရတယ်” ဟု အခကြေးငွေပေး၍ ကြက်ဝိုင်း လုပ်ဆောင်သူတစ်ဦးက ဆိုသည်။
လက်ဝှေ့ပွဲများကိုမူ မအူပင်မြို့ အမှတ် (၉)ရပ်ကွက် ရေလဲ လမ်းမကြီးပေါ်က မိုးလုံ လေလုံခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် လူတစ်ယောက်လျှင် ကျပ်ငွေ ၁၀,၀၀၀ သတ်မှတ်ထားပြီး မတ် ၂၄ ရက်နေ့၊ နေ့လယ် ၁၂ ရီထိုးတွင် စတင်မည်ဖြစ်ကြောင်း ပွဲစီစဥ်သူများနှင့် နီးစပ်သူ ထံက သိရသည်။
မအူပင်မြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်က G1 ဒုတိယ ဗိုလ်မှုးကြီးနိုင်လွင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) အဖြစ် အနောက်တိုင်းစစ်ဌာနချုပ်က တာဝန်ပေး စေလွှတ်ထားသူဖြစ်သည်။
ပုံစာ-မအူပင်အထိုင်တပ်ခလရ-၂၇
#မအူပင်မြို့နယ် #စစ်ကောင်စီတပ် #လောင်းကစားဝိုင်း #လက်ဝှေ့ပွဲများ #ပြုလုပ် #စစ်တပ်ရန်ပုံငွေရှာဖွေ #Ayeyarwaddy_Times