ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၁ ရက်

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးထွက်ပြေးခဲ့ရာတစ်ဦး ပြန်လည်ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ မတ်လ ပထမအပတ်က လက်နက်မပါဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

အလားတူ ခလရ ၂၇၄ တပ်ရင်းမှ ယမန်နေ့၊ မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့၊ မွန်းလွဲ ၁ နာရီခန့်က မင်းတပ်မြို့ပေါ်တွင် လိုက်လံရှာဖွေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြန်လည်ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ခလရ ၂၇၄ တပ်ရင်းကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပြန်ဖမ်းမိပြီး ကြိုးတုတ်၊ ရိုက်နှိုက်ထိုးကြိတ်ကြပြီး တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အရင်ပတ် က ထွက်ပြေးတဲ့ ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးကတော့ လွတ်မြောက်သွားတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မင်းတပ်မြို့၊ ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ခလရ ၂၇၄ တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီခံရသည့်အမျိုးသမီးနှစ်ဦးကို ည ၇ နာရီ ၄၅ မိနစ်ခန့်က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မင်းတပ်မြို့၊ အခြေစိုက် ၂၇၄ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ CDF-မင်းတပ်ထံ ရောက်ရှိလက်ခံခြင်းရှိ/မရှိကို ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဓာတ်ပုံ- ခလရ ၂၇၄ တပ်ရင်း

#မင်းတပ်မြို့ #ခလရ၂၇၄တပ်ရင်း #စစ်ကောင်စီ #တပ်ဖွဲ့ဝင်များထွက်ပြေး #Ayeyarwaddy_Times