အယိုက်လင်း၊ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား တစ်ဦးကို မရာလဲန်းကာကွယ်ရေးတပ်(MDF) က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင့် ဒေသခံများထံက သိရသည်။

လိုင်လင်းပီမြို့ရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား တစ်ဦးကို မတ်လ ၉ ရက်၊ ညနေပိုင်းက MDF တပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ၎င်းတို့၏ နေအိမ်အသီးသီး၌ တစုံတရာမေးမြန်း ပြောဆိုခဲ့ခြင်းမရှိဘဲဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“MDF တပ်ဖွဲ့တွေက သေနတ်၊ ယူနီဖောင်း အပြည့်စုံနဲ့ ရွာထဲကို ဝင်လာပြီး အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ယောက် ဖမ်းသွားတာပါ။ ဘာကြောင်း ဖမ်းတာလဲ မသိရသလို ရွာထဲမှာ စစ်ဆေးမေးမြန်းတာမျိုးမလုပ်ဘဲ ဒီအတိုင်းဖမ်း ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် ပါဆင်းရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူသည် ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် ဥဦးရာခယ်တို့ဟု သိရပြီး ၎င်းတို့သည် ယနေ့ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား တစ်ဦးကို စစ်ဆေးမေးမြန်းစရာရှိ၍ MDF တပ်ဖွဲ့က ဖမ်းဆီးခေါ်သွား ခဲ့ခြင်းဖြစ်ပြီး မကြာမီ ပြန်လည်
လွှတ်ပေးမည်ဖြစ်ကြောင်း MDF ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ကျွန်တော်တို့ မြေပြင်က တာဝန်ရှိသူတွေနဲ့ အဆက်သွယ်မရနိုင်သေးဘူး။ ဒါပေမယ့် ရွာသားတစ်ယောက်က ကျွန်တော်ဆီ MDF တပ်ဖွဲ့တွေက ရွာသားနှစ်ဦး ခေါ်သွားတယ် ဆိုပြီး အကြောင်းကြားစာရောက်ပါတယ်။ ကျွန်တော်တို့ MDF တပ်ဖွဲ့တွေက စစ်ဆေးမေးမြန်းစရာရှိလို့ ခဏခေါ်ယူတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါတွေကို လူတချို့က အကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ စွပ်စွဲနေတာ ဖြစ်တယ်။ ကျွန်တော်တို့က ဖမ်းတာမဟုတ်ဘူး။ မေးမြန်းစရာရှိလို့ ခေါ်တာ။ ပြီးရင် ပြန်လွတ်ပေးမယ်”ဟု ၎င်းက ဆိုသည်။

မရာနယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ချင်းလက်နက်ကိုင် အချင်းချင်းကြား ပဋိပက္ခများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်းများ၏ စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးမူကြောင့် ပဋိပက္ခများ ပြေလည်သွားပြီဟု ဆိုသည်။

ဓာတ်ပုံ-ပါဆင်းရွာ

#ချင်းပြည် #လိုင်လင်းပီ #အုပ်ချုပ်ရေးမှူး #ရွာသားတစ်ဦးဖမ်းခံရ #Ayeyarwaddy_Times