ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ‌မတ် ၁၁ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ-၅ ၊ ဒဂုံစစ်ကြောင်း တို့သည် ပြီးခဲ့သည့် မတ်၇ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးရက်တာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု များပြားခဲ့ပြီး ၎င်းတို့သေဆုံးမှု များပြားရခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များဘက်တွင် ပညာသည်များ ပါသောကြောင့် ဟုဆိုကာ ယမန်နေ့ မတ်လ၁၀ ရက်နေ့က စိန်ကန့်လန့်ရွာထိပ်တွင် အုန်းပွဲ၊ ငှက်ပျောပွဲ များဖြင့် ကန်တော့ပွဲပေးကာ ယတြာချေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ PDF ထဲမှာ ပညာသည်ပါလို့ ဒီတိုက်ပွဲအတောအတွင်းမှာ သူတို့ သေရတယ်ဆိုပြီး ခလရ-၁ တပ်ရင်းရှိတဲ့ စိန်ကန့်လန့်ရွာထိပ်မှာ ဗေဒင်ဆရာတွေနဲ့ ယတြာချေကြတာ။ အဲ့တာပြီးတာနဲ့ စစ်ကြောင်းထိုးတာ၊ အဲ့တာလည်းသေတာပဲ သူတို့ ဘက်က။ တိုက်ပွဲက ဒီနေ့ထိတောင်မပြတ်သေးဘူး။ အခုလဲရိုးမထဲ အင်အားတိုးပြီး စစ်ကြောင်းထိုးလာတယ်လို့သိရတယ်။ သူတို့လာရင် တိုက်ပွဲက ထပ်ဖြစ်မှာပဲ” ဟု တပ်ရင်း(၃၈၀၂) တပ်ခွဲ-၅ မှ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ရိုးမက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဲခူရိုးမအတွင်းသို့ အင်အား ၁၂၀ ပါစစ်ကြောင်းမှ စစ်ကြောင်းထိုးလာရာမှ စတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ် ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲ များအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် မတ် ၈ ရက်နေ့တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို စောင့်ကြို တိုက်ခဲ့ရာ တစ်နေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံက MA-3 တစ်လက်၊ ကျည်ဘောက် လေး ခု၊ ၆၀-မမ တစ်လက်၊ ၆၀-မမ အသီး တစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ခြင်းကျားနှစ်လုံး၊ ဆိုလာပြား နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ထဲမှာ စစ်တပ်ဘက်ကသေတာ အလောင်းတွေထပ်နေရော။ မျက်စိနဲ့ကို မြင်နေရတဲ့ နေရာမှာတင် အလောင်းကမနဲဘူး။ တိုက်ပွဲထဲဆိုတော့ ဖုန်းနဲ့ရိုက်ဖို့က မမီဘူး။ ရိုက်တော့လည်း အကွာအဝေးကြောင့် မမြင်ရတာမျိုးဖြစ်နေတယ်။ အဲ့တာ ကြောင့် မတ် ၉ ရက်နေ့ နံနက်စောစောမှာ မှတ်တမ်းသွားယူတာ၊ အလောင်းတွေနား စစ်တပ်ကင်းပုန်းတွေကရှိနေပြီး တိုက်ပွဲထပ်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီတိုက်ပွဲမှာလည်း သူတို့ ဘက်ကတော်တော်များသေကုန်သေးတယ်” ဟု အဆိုပါပြန်ကြားရေး တာဝန်ရှိသူက ဆက်လက်ပြောသည်။

အဆိုပါ လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးတပ်ဖွဲ့ဝင် ၈၀ ကျော် ထိခိုက်သေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) ၊ တပ်ခွဲ-၅ က ထုတ်ပြန်ထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် သုံး ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားလာ နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုလုပ် ကြရန်လည်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ-၅ မှ သတိပေး ထုတ်ပြန် ထားသည်။

ဓာတ်ပုံ – ပေးပို့
#မင်းလှ #၄ရက်တာတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့များ #ထိခိုက်သေဆုံးမှုများပြား #ယတြာချေ #စစ်ကြောင်းထိုး #ထပ်မံသေဆုံး #PDF #Ayeyarwaddy_Times