မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁၁ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့၊ သင်္ဃန်းညီနောင်တွင်ရှိသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၅၆ မှ တပ်ရင်းမှူးနှင့် ဇနီးအပါအ၀င် တပ်မိသားစု၀င်အချို့သည် တော်လှန်ရေးတပ်များ ၀င်ရောက်တိုက်ခိုက်ချိန်တွင် တပ်ရိပ်သာမှ ထွက်ပြေးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က ကော့ကရိတ်၊ မြဝတီ လမ်းဟောင်းနှင့် လမ်းသစ် ဆုံရာတွင်တည်ရှိသည့် စစ်ကောင်စီ၏ ခမရ-၃၅၅ တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် အာရှလမ်းမကြီးပေါ်ရှိ သင်္ဃန်းညီနောင် မြို့မရဲစခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ခမရ ၃၅၅ ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ခမရ ၃၅၆ မှ တပ်ရင်းမှူးနှင့် တပ်ဖွဲ့၀င်များက ခမရ-၃၅၇ သို့ သွားရောက်ပူးပေါင်းခဲ့သော်လည်း တပ်ရင်းမှူးနှင့် ဇနီးအပါအ၀င် တပ်မိသားစု၀င်အချို့သည် ခမရ-၃၅၇ သို့ မသွားဘဲ KNU တပ်မဟာ (၆) နယ်မြေတွင် သွားရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။
“စစ်တပ်လော်ဘီတွေကတော့ တပ်ရင်းမှူးနဲ့ ဇနီးအဖွဲ့လိုက်ကို ဖမ်းသွားတယ် လို့လည်း ပြောတယ်။ KNLA တွေက သတ်လိုက်ပြီလို့လည်း ဖွထားတယ်။ သိရသလောက် ကတော့ လွတ်မြောက်နယ်မြေကို အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားပြီလို့ သိထားပါတယ်” ဟု ခမရ ၃၅၆ နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အဆိုပါ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်း နေရာများကို စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ခိုက် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။
မတ် ၇ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများနှင့် လေယာဉ်အမျိုး အစား မျိုးစုံသုံးကာ ကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဧရာ၀တီတိုင်းမ် အနေဖြင့် ခမရ ၃၅၆ မှ ထွက်ပြေးသွားသည့် တပ်ရင်းမှူးနှင့်ဇနီးအဖွဲ့၏ အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ဆက်သွယ် မေးမြန်း နေသော်လည်း ဆက်သွယ်၍မရရှိသေးပေ။
ပုံစာ- ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီက သင်္ဃန်းညီနောင်ရှိ တပ်စခန်းနှင့် နေအိမ်အချို့ပေါ် ဗုံးကြဲတိုက်ခိုက်နေသည့် မြင်ကွင်း
#ကရင် #မြ၀တီ #သင်္ဃန်းညီနောင် #ခမရ၃၅၆ #တပ်ရင်းမှူးဇနီး #လွတ်မြောက်နယ်မြေ #ထွက်ပြေး #Ayeyarwaddy_Times