နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ တပ်အင်အား အရေးပေါ် လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်း ဥပဒေနည်းတူ အသက်သွင်းလိုက်သော စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်သုံးမည့် အရန်တပ်ဖွဲ့ နည်းဥပဒေအား ယနေ့ မတ် ၁၁ ရက်နေ့တွင် ယင်းတို့၏ ဝါဒဖြန့် သတင်းစာများမှတဆင့် ထုတ်ပြန်လာသည်။

အဆိုပါ အရန်တပ်ဖွဲ့ နည်းဥပဒေကို စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေး ဝန်ကြီးဌာနက ယခုနှစ်၊ မတ် ၁ဝ ရက် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့ရာတွင် အကျယ်တဝင့် ဖော်ပြထားခြင်းမရှိဘဲ အဆိုပါနည်းဥပဒေများတွင် အခန်း (၇) ခန်း၊ နည်းဥပဒေ အပိုဒ်ပေါင်း (၂၇)ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၈)ခု ပါရှိသည်ဟုသာ ရည်ညွှန်းထားသည်။

ပုံမှန်အားဖြင့် ဥပဒေ တစ်ရပ်၊ အမိန့် ညွှန်ကြားချက်၊ နည်းဥပဒေတို့ကို ထုတ်ပြန်၊ပြုပြင်၊ ရုတ်သိမ်းပါလျှင် နိုင်ငံပိုင် သတင်းစာ၊ သတင်းများမှတဆင့် ဖော်ပြကြေညာရပြီး ယခုအရန်တပ်ဖွဲ့ နည်းဥပဒေများသည် ကြေညာသည်ဟု သတ်မှတ်ရရုံမျှဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ မဘရဏီ(အမည်လွှဲ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ပုံမှန်အမိန့် ညွှန်ကြားစာ၊ ကြေညာချက်တစ်ခု ထုတ်ပြန်ရင်တော့ ပြင်ဆင်ရင်လည်း ပြင်ဆင်တဲ့အပိုင်း ဖော်ပြရသလို ဥပဒေသစ်ဆိုလည်း အတိအလင်းကြေညာရတယ်။ ဒါကတော့ ယေဘုယျ ဘယ်ဥပဒေကို ဘယ်လို ပြဌာန်းလိုက်တယ်လို့ ကြေညာခြင်းမျိုးပါ။ ဥပဒေအရ ပွင့်လင်းမြင်သာမှု မရှိတာမျိုးပါ။ နောက် ပြည်သူကြား မမျှဝေပဲ မသိလေ ပိုကောင်းလေမျိုးလုပ်တာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ နည်းဥပဒေများပါ အခန်း (၇) ခန်းသည် အခန်း (၁)တွင် အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း(၂)တွင် အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်းရန်ကာလ၊ အခန်း (၃)တွင် အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ဖြစ်ကြောင်း စစ်ကောင်စီ၏ အကျဉ်းရုံး ဖော်ပြချက်အရ သိရသည်။

ထို့အပြင် အခန်း (၄)တွင် မှတ်ပုံတင်ခြင်း၊ ဆေးစစ်ဆေးခြင်းနှင့် အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းခြင်းတို့အတွက် ဆင့်ခေါ်ခြင်း၊ အခန်း (၅)တွင် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၆)တွင် အကျိုးခံစားခွင့် သတ်မှတ်ချီးမြှင့်ခြင်း၊ အခန်း (၇)တွင် အထွေထွေပြဋ္ဌာန်းချက်တို့ ပါရှိကြောင်း သိရသည်။

ယင်းအရန်တပ်ဖွဲ့ဝင်များ၏ မူလစစ်ဘက်တာဝန်များကို ပြန်လည်ထမ်းဆောင်ခြင်း ဆိုင်ရာ မူလအရန်စစ်မှုထမ်း ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လက်မှတ်ထိုး ထုတ်ပြန်ခြင်းသည် ဥပဒေနှင့် မညီညွတ်သောအခြေ အနေဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။

“၂၀၁၀ ပြည့်နှစ် စကားရပ်များ ပြောင်းလဲခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်အရ နအဖ ဥက္ကဋ္ဌကို အမွေဆက်ခံခွင့်ရှိသူက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ သမ္မတ တစ်ဦးတည်းပါ။ အသေးစိတ် Details ကျကျပြောရင် ဒုသမ္မတတို့၊ ယာယီသမ္မတတို့တောင် နအဖ ဥက္ကဋ္ဌရဲ့ အမွေကို ဆက်ခံနိုင်ခြင်း မရှိပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်က အသက်သွင်းလိုက်သည့် အရန်တပ်ဖွဲ့ ဥပဒေအရ နုတ်ထွက် အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းများသာမက အငြိမ်းစားယူရန် ရက်ပိုင်း သာလိုတော့သည့် ပင်စင်တင်အငြိမ်းစားယူမည့်သူများလည်း နောက်ထပ် ၅ နှစ်တာ၀န် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းရန် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေ အတွက်ဖြစ်စေ တာ၀န်ထမ်းဆောင်ရန် ဆင့်ခေါ်ခံရသည့် စစ်မှုထမ်းဟောင်းသည် သတ်မှတ်ချိန်အတွင်း သတ်မှတ်ထားသည့်နေရာသို့ သတင်းပေးပိုရန် ပျက်ကွက်ပါက ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် ချမှတ်မည်ဟု စစ်ကောင်စီက ဆိုထားသည်။

ယခုကဲ့သို့ နည်းဥပဒေ ထုတ်ပြန်လိုက်ခြင်းသည် အရန်တပ်ဖွဲ့ ဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်မည်ဖြစ်သော်လည်း စစ်တပ်မှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခဲ့ကြသော စစ်သားဟောင်းများသည် လက်ရှိစစ်ကောင်စီတပ်ကို မုန်းတီး စိတ်ပျက်မှုများ ရှိနေသောကြောင့် မည်မျှအထိ ခရီးရောက်မည်ကို စောင့်ကြည့် ရမည်ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သုံးသပ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အရန်တပ်ဖွဲ့ဥပဒေကြောင့် စစ်မှု မထမ်းဆောင်လိုတော့၍ စစ်တပ်မှထောင်ကျခံကာ နုတ်ထွက်ခဲ့ကြသူများနှင့် အထက် အဆင့်ဆင့်ကိုလာဘ်ထိုးပြီး ဆေးပင်စင် ယူခဲ့ကြသူများ အထူးစိုးရိမ်လျက်ရှိ ကြောင်း သိရသည်။

CDM မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြကလည်း “နည်းဥပဒေထွက်တာ မထွက်တာပေါ် မူတည်ပြီး အရန်တပ်ဖွဲ့ဥပဒေကို အမြန်အကောင်အထည်ဖော်ဖို့ ဟုတ်မဟုတ် ပြောလို့မရပါဘူး။ နည်းဥပဒေ မထွက်သေးတဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေတာ တွေ့ရပါတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ စစ်ခေါင်းဆောင်သည် ၎င်းတို့တပ်အင်အား အရေးပေါ် ဖြည့်တင်း နိုင်ရန်အတွက် ယခင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေကိုလည်း အသက်သွင်းခဲ့ပြီး လက်ရှိတွင် နည်းဥပဒေ (တတိယမူကြမ်း)နှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) တို့ကို ရေးဆွဲထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“စစ်မှုထမ်းဥပဒေအရ ခေါ်တဲ့ အင်အားနဲ့ စစ်မှုထမ်းဟောင်းကို ပြန်ခေါ်ပြီး ရာထူး အဆောင်ယောင် ပြန်ပေးပြန်စုတဲ့ အင်အား၊ နှစ်ခုစာလုံးကို အဆောင်ယောင် လစာ တချို့ပေးပြီး သူတို့အင်အားကို ပြန်ဖြည့်တင်းနေတာပါ။ ဒီ ၂၀၂၄ ကတော့ စစ်ရေးအရ အထိခိုက်များလာတဲ့ စစ်တပ်က ပြည့်သူဘက်ကို မြားဦးပြန်လှည့်ပြီး အချင်းချင်းစစ်ကို ပြန်ဖန်တီးမယ့် အခင်းကျင်းမျိုးပါ” ဟု တရားလွှတ်တော်ရှေ့နေ မဘရဏီ(အမည်လွှဲ)က ပြောသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ပိုမိုကြံ့ခိုင်ရန် လိုအပ်သလို အဘက်ဘက်မှ ပိုရုန်းရမည့်နှစ်ဖြစ်လာနိုင်ပြီး စစ်ကောင်စီက ဥပဒေဖြင့် ဖိနှိပ်မှုများကို ဆက်တိုက်မြှင့်တက်လာရန် ရှိနေသည်ဟု ၎င်းက ဆိုသည်။

ပုံစာ-စစ်ကောင်စီလော်ဘီများ ဖော်ပြထားသော လားရှိုး နှင့် ကျောက်မဲသို့ နေပြည်တော်ကလာသည့်စစ်မှုထမ်းဟောင်းများ
#စစ်ကောင်စီ #စစ်မှုထမ်းဟောင်းများ #ပြန်ခေါ်သုံး #အရန်တပ်ဖွဲ့နည်းဥပဒေထုတ်ပြန် #အချက်အလက်များ #ဖော်ပြထားခြင်းမရှိ #Ayeyarwaddy_Times