ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၁၀ ရက်)

ကိုယ်ခန္ဓာအတွင်း တွယ်ကပ်‌နေထိုင်တတ်တဲ့ ကပ်ပါးကောင်တွေ အကြောင်းကို သိပါသလား။

ကျွန်‌တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ခိုဝင်နေတတ်တဲ့ သန်ကောင် ကပ်ပါး ၁၀ မျိုးမက ရှိပါတယ်။ သန်ကောင်တွေဟာ ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ သက်ရောက် စေတတ်တယ်ဆိုတာသိထားပါမှ နောက်ရောဂါတွေကို ကာကွယ်ဖို့ နည်းလမ်းတွေ ကျင့်သုံးနိုင်မှာဖြစ်ပြီး သန်ကောင်ကပ်ပါးတွေမှ ကင်းလွတ်မှာ ဖြစ်ပါ တယ်။

သန်ကောင်တွေရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး သူတို့ဖွဲ့စည်းဖြစ်တည်ပုံအရ (၁) Flukes (Trematodes) သစ်ရွက်ကလေးတွေလို ပုံသဏ္ဍာန်ရှိ အလွှာပြား သန်ကပ်ပါးကောင်တွေ၊ (၂) Tapeworms (Cestodes) ပြားချပ်ရှည်လျား ကြိုးပြားသန်ကောင်တွေ (၃) Roundworms (Nematodes) လုံးလုံးရှည်ရှည် သန်လုံးကောင်တွေဆိုပြီး အဖွဲ့ သုံးဖွဲ့ခွဲ သတ်မှတ်နိုင်ပါတယ်။

🟥Flukes (Trematodes) သစ်ရွက်ပုံ သန်ကပ်ပါးကောင်

သစ်ရွက်ပုံ သန်ကပ်ပါးကောင် တွေက သွေး၊ အဆုတ်၊ အသည်း၊ ပန်းကရိယ အူ‌လမ်းကြောင်း မျက်လုံး ဆိုပြီး သူတို့ နှစ်သက်ရာ ကိုယ်အင်္ဂါတွေကိုကပ်တွယ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီကပ်ပါးတွေကို ငါးတွေ၊ ခရုတွေ၊ ဂုံးကောင်တွေကနေ တစ်ဆင့် ကူးစက်တာမျိုး အဖြစ်များကြပါတယ်။

ခန္ဓာကိုယ်ထဲ ဝင်ရောက်ပါက အသက်ရှူကြပ်ခြင်း၊ အရေပြားယားခြင်း၊ အဖုအပိန့် ထခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်တွင်သွေးစပါခြင်း ခေါင်းကိုက်ခြင်း ဦးနှောက်ကို ဒုက္ခပေးခြင်း၊ တက်ခြင်း၊ ဆီးသွားရာမှာ ပြဿနာဖြစ်ခြင်း၊ ဆီးသွေးပါခြင်း၊ ဗိုက်နာခြင်း၊ အသည်းရောင်ခြင်း၊ မျက်စိနဲ့အသားများဝါခြင်း ဝမ်လျှောခြင်းစသည်ဖြင့် ရောဂါပေါင်းစုံ လက္ခဏာပြနိုင်ပါတယ်။

ဒီလိုသစ်ရွက်ပုံကပ်ပါးတွေကို ကာကွယ်နိုင်ဖို့ ခရု၊ ဂုံးကောင်၊ ငါးစတာတွေကို ရောဂါပိုးများ သေသွားတဲ့အထိ အားပြင်းပြင်းနဲ့ ချက်ပြုတ်စားဖို့လိုပါတယ်။ အစိမ်းစားတာတွေ မကျက်တကျက်စားတာတွေက အန္တရာယ်ရှိပါတယ်။

🟥Tapeworms (Custodes) ကြိုးပြားသန်ကောင်

ကြိုးပြားသန်ကောင်တွေတွေနဲ့ ပတ်သက်ပြီး လူငယ်တွေစိတ်ဝင်စားကြပါတယ်။ သန်ကောင်ရဲ့ ဦးခေါင်းမှာရှိတဲ့ စုပ်ခွက်တွေ ဆူးတွေက အူလမ်းကြောင်းအတွင်းမှာ ချိတ်တွယ်လိုက်ပြီး လူတွေရဲ့အာဟာရတွေကို ယူငင်စားသောက်ပါတော့တယ်။ ကြိုးပြားသံကောင် က အများဆုံးဆယ့်ငါးမီတာ (‌ပေလေးဆယ်ကျော်တဲ့အထိ) ရှည်နိုင်ပါတယ်။ ကြိုပြားသန်‌ကောင် ဆယ်မျိုးထက်မကရှိပေမယ့် ဝက်သား ကနေတဆင့်ကူးတဲ့ ဝက်ကြိုပြားသံကောင်၊ အမဲသားကနေတဆင့်ကူးတဲ့ နွားကြိုးပြားသန်ကောင်တွေက အဖြစ်များပါတယ်။

သန်ကောင်ဥ ပါဝင်တဲ့အစားအသောက်တွေကိုစားမိတာကြောင့်ဖြစ်တတ်ပါတယ်။

အစားအသောက်တွေမှာ သန်ကောင်ဥတွေကင်းရှင်းစေဖို့ ဝက်သား၊ အမဲသား ငါးတွေကိုချက်ပြုတ်ပါက အသားများကျက်သည်အထိမီးအပူပြင်းပြင်းနဲ့ ချက်ရပါမယ်။

🟥Roundworms (Nematodes) သန်လုံးကောင်များ

သန်လုံးကောင်များကတော့ အားလုံးအသိများကြပါတယ်။ သန်ကောင်ကြီး၊ ကြာပွတ် သန်ကောင်၊ ချိတ်သန်ကောင်၊ တုပ်ကောင်၊ အရေပြားအောက်ပျံ့နှံ့သန်ကောင်၊ ဆင်ခြေ ထောက်ရောဂါသန်ကောင်၊ ပွေးတူအကွက်ဖြစ်စေသောသန်ကောင်၊ မျက်လုံးအတွင်း ကပ်ပါးသန်ကောင်၊ အဆုတ်တွင်းနေသန်ကောင်၊ နှလုံးကပ်ပါးသန်ကောင် ဆိုပြီး ကြောက်မက်စရာသန်ကောင်တွေ အကုန်လုံးက သန်လုံးကောင် အုပ်စုအတွင်းမှာ ပါဝင်ကြပါတယ်။

🟥ကလေးငယ်နဲ့သန်ကောင်

မြေကြီးကနေ တဆင့် ကူးစက်တတ်တဲ့ သန်လုံးကောင်ကြီး၊ ကြာပွတ်သန်ကောင် နှင့် ချိတ်သန်ကောင်တွေက ကလေးငယ်တွေမှာ အဖြစ်များကြပါတယ်။ သန်ကောင်တွေက လူနဲ့တိရိစ္ဆာန်တို့ရဲ့ အူလမ်းကြောင်းအတွင်းမှာ နေထိုင်ရှင်သန်ပြီး မျိုးပွားကာ ဥများ ဥချပါတယ်။ လူနဲ့တိရိစ္ဆာန်တွေ့ရဲ့ မစင်တွေနဲ့အတူ သန်ကောင်ဥတွေ၊ ဥမှပေါက်တဲ့ သန်ကောင်သားလောင်း‌တွေ ပြန်နှံ့ကုန်ပြီး လူတွေကိုလည်း တနည်းနည်းနဲ့ ပြန်လည် ကူးစက်ပါတယ်။

ဒါကြောင့်မို့ ကလေးတွေ မြေကြီးဆော့ပြီးတိုင်း လက်ဆေးဖို့ ပြောရတာဖြစ်ပါတယ်။ အစာစားခါနီးတိုင်းလည်း လက်ကို စင်ကြယ်စွာဆေးဖို့ကို လိုအပ်ပါတယ်။

လက်သည်းတွေကြားထဲမှာရှိတဲ့ ချေး(ဂျီး)တွေမှာလည်း ခိုအောင်းနိုင်တာကြောင့် လက်သည်း မရှည်အောင်ဂရုစိုက်ပြီးညှပ်ပေးရပါမယ်။ ယင်ကောင်က မစင်ကို နားတဲ့အခါမှာ ယင်ကောင်ရဲ့ခြေလက်ကလေးတွေမှာ သန်ကောင်ဥတွေ ကပ်ပါသွား ပါတယ်။ ဒါကြောင့်ယင်နားစာတွေကလည်း သန်‌ကောင်ပြဿနာတွေကို ကြုံတွေ့ ရနိုင်ပါတယ်။

သန်ကောင်ကြောင့် သွေးအားနည်းပြီး အာဟာရချို့တဲ့စေနိုင်တဲ့အပြင် ကလေး ခန္ဓာကိုယ် ဦးနှောက်နှင့် ဥာဏ်ရည် ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။

🟥Ascariasis – သန်လုံးကောင်ကြီး

ကလေး အသက် ၃ နှစ်မှ ၁၀နှစ်အတွင်း အဖြစ်များကြပါတယ်။ သက်ကြီး ရွယ်အိုအရွယ်ထိ ဖြစ်တတ်ပါတယ်။

ဗိုက်က ထိုးထိုးအောင့်ခြင်း၊ ခန္ဓာကိုယ်ယားယံခြင်း၊ အင်ပြင်ထခြင်း၊ အဆုတ်တွင်း သန်ကောင်သားလောင်းတွေ ဝင်ရောက်၍ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ ကြပ်ခြင်း အသက်ရှူခက်ခြင်း၊ အူလမ်းကြောင်းအတွင်း သန်ကောင်များကြောင့် ဗိုက်ပူခြင်း၊ အူပိတ်စို့ခြင်း၊ သည်းခြေပြွန် နှင့် ပန်းကရိယပြွန် အတွင်း သန်ကောင် ဝင်ရောက် ခြင်းကြောင့် ရောင်ရမ်းခြင်း တွေကြုံတွေ့ခံစားရနိုင်ပါတယ်။

🟥Whipworm – ကြာပွတ်သန်ကောင်

ငါးနှစ်အထက်ကလေးတွေမှာ တွေ့ရများပါတယ်။ ဗိုက်နာခြင်း၊ ဝမ်းကိုက်ခြင်း၊ ချက်ပတ်ပတ်လည်မှထိုးခြင်း တွေအပြင် ထူးထူးခြားခြား စအိုနှင် ဝမ်းအိမ် ကျွံထွက် လာခြင်းကိုလည်း ဖြစ်တတ်ပါတယ်။

🟥Hookworm – ချိတ်သန်ကောင်

ကလေးငယ်များသာမက လူကြီးများပါကူးစက်ဖြစ်ပွားပါတယ်။ မစင်ကိုမြေဩဇာ အဖြစ်သုံးတဲ့ ရွာဖက်တွေမှာအဖြစ်များပါတယ်။ ဖိနပ်မစီးဘဲလမ်းလျှောက်ခြင်းကြောင့် ချိတ်သန်‌ကောင်ဥကခြေဖဝါးကနေခန္ဓာကိုယ်ထဲကိုဝင်ရောက်ကာကူးစက်ပါတယ်။

အရေပြားနီရဲရောင်ရမ်းခြင်း ၊ ယားယံခြင်း၊ အသက်ရှူသံတစ်ရွှီရွှီမြည်ခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှူမဝ ရင်ကြပ်ခြင်း၊ အာဟာရမပြည့်ဝဘဲ ကလေးငယ်များ ကျန်းမာရေး ချို့တဲ့နေခြင်း၊ သွေးဝမ်းသွားခြင်း‌တွေခံစားရနိုင်ပါတယ်။

🟥Pinworm- တုပ်ကောင်

ကလေးငယ်တွေမှာသာမကဘဲ ဆယ်ကျော်သက်အရွယ်တွေအထိပါ အဖြစ်များပါတယ်။ ညအခါတွင် ဖြူဖြူဖွေးဖွေး တုတ်ကောင်ကလေးများက ခန္ဓာကိုယ်လှုပ်ခါလှုပ်ခါ စအို အဝဆီကို ရွေရှားကြပါတယ်။ ယားယံတာကြောင့်ကလေးတွေက အိပ်မပျော်တော့ဘဲ ဂျီကျတာတွေ ငိုကြွေးတာတွေရှိလာတတ်ပါတယ်။ ကုတ်ခြင်းကြောင့် စအိုနား ဝန်းကျင် ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ ဝမ်းထဲမှာလည်း တုတ်ကောင်လေးများပါလာတာ အရေပြားယားယံအင်ပြင်ထတာ၊ ဗိုက်နာဗိုက်အောင့်တာတွေက တုတ်ကောင်ရဲ့ လက္ခ ဏာတွေပဲဖြစ်ပါတယ်။

🟥Filariasis – ဆင်ခြေထောက်ရောဂါ

ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ဆင်ခြေထောက်ရောဂါဆိုတာလည်း ကပ်ပါးပိုး သန်ကောင်ကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါပဲ။ မကြာခဏဖျားပြီး ပြန်ရည်ကြောများ ကြီးလာတတ်ပါတယ်။ နောက်ဆုံးမှာပြန်ရည်ကြောများပိတ်သွားပြီး ခြေထောက်၊ လက်၊ လိင်အင်္ဂါတွေမှာ ယောင်ယမ်းတင်းကားလာပါတော့တယ်။

သွေးလွန်တုပ်ကွေးကို ဂရုပြုဆင်ခြင်ကြသလို သန်‌ကောင်ကြောင့်ဖြစ်တဲ့ ဆင်ခြေထောက် ရောဂါကိုလည်း ခြင်ကာကွယ်နှိမ်နင်းရေး လမ်းစဉ်တွေ သုံးပြီးကာကွယ်နိုင်ပါတယ်။

🟥သန်ကောင်ကာကွယ်ရေးနည်းလမ်းများ

-အသားငါးတွေကို ချက်ပြုတ်ရာမှာ ကျက်အောင်ချက်ပြုတ်ရပါမယ်။ အသားစိမ်း၊ ငါးစိမ်းတွေကို မစားသင့်ပါဘူး။
-အညစ်အကြေးကိုင်တွယ်ပြီးတိုင်း အစာစားခါနီးတိုင်း လက်ကိုဆပ်ပြာနဲ့ရေအသုံးပြုပြီး စနစ်တကျဆေးကြောရပါမယ်။
-အိမ်သာကိုကောင်းမွန်စွာအသုံးပြုရပါမယ်။ ယင်လုံအိမ်သာသုံးပေးရပါမယ်။
-အစားအစာများယင်မနားစေရန်ထိန်းသိမ်းရပါမယ်။ အစားအသောက်များကို သန့်သန့် ရှင်းရှင်း ပြင်ဆင်ချက်ပြုတ်ရပါမယ်။ ဂရုစိုက်ကိုင်တွယ်ရပါမယ်။
-ရေကိုပိုးသန့်စင်ပြီးမှသာ သောက်ရသုံးရပါမယ်။
-အိပ်ရာခင်း၊ စောင်၊ ညအိပ်အင်္ကျီတွေကို သန့်ရှင်းစွာ အသုံးပြုရပါမယ်။
-အိမ်မွေးတိရစ္ဆာန်တွေ၊ မွေးမြူရေးတိရစ္ဆာန်တွေ၊ နည်းမှန်လမ်းမှန် ကျန်းမာရေးနဲ့အညီ မွေးမြူရပါမယ်။
-ခြင်နှိမ်နင်းရေးလုပ်ငန်းစဉ်များ အဆက်မပြတ် ပုံမှန်လုပ်ဆောင်ရပါမယ်။
-အရေးကြီးဆုံးတစ်ခုအဖြစ်မှာ ချင်တာကတော့ တမိုးအောက်အတွင်း အတူနေကြသူ မိသားစုဝင်တွေ အားလုံး အချိန်တူညီသတ်မှတ်ပြီး ၆ လ တစ်ခါပုံမှန်သန်ချပေးရပါမယ်။

သန်ကောင်ရောဂါကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အသက်နှစ်နှစ်ခွဲနှင့် အထက် ဘယ်သူ မဆို သန်ချဆေး Albendazole 400 mg ကို ခြောက်လတစ်ကြိမ် ပုံမှန် သောက်ပေးရပါမယ်။ ည အိပ်ခါနီးမှာ သောက်ပါ။ သန်ချဆေး Mebendazole 500mg ကိုလည်း အလားတူဆေးဝါးအဖြစ် သုံးနိုင်ပါတယ်။
ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေအတွက်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီး ဆေးပမာဏ ချိန်ညှိယူရပါမယ်။

ဒီလောက်ဆိုရင် စာဖတ်သူတွေအနေနဲ့ သန်‌ကောင်နဲ့ပတ်သက်ပြီး တော်တော်လေး သဘောပေါက်သွားပြီ ထင်ပါတယ်။

နောက်တစ်ပတ်မှာတော့ အားလုံးအတွက် နေရောင်ထဲမှာ ခရမ်းလွန် ရောင်ခြည် အကြောင်း ဖော်ပြပေးသွားမှာပါ။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လူ့ခန္ဓာကိုယ်မှာခိုဝင်နေတဲ့ #သန်ကောင်သို့မဟုတ်ကပ်ပါးကောင် #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)